ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်ရှိ ပညာရေးဝန်ထမ်းအားလုံး မြို့ပေါ်သို့ ယာယီတွဲဖက် တာဝန် ထမ်းဆောင်ရန်ဆင့်ခေါ် ပြီး မလိုက်နာသူတွေကို တာဝန်မှရပ်ဆိုင်းမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 784

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၇/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအားလုံးကို မြို့ပေါ်သို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်ရန် ပညာရေးမှူးရုံးက အမိန့်ထုတ် ဆင့်ခေါ်လိုက်ကြောင်း သိရသည်။

ယခုသြဂုတ်လအတွင်း နောက်ဆုံးထား၍ မြို့ပေါ်သို့ လာရောက်ကြရန်နှင့် ကျောင်းအုပ်ဆရာကြီးများမှတဆင့် ဖုန်းဖြင့် အကြောင်းကြားလာသည်ဟု ဆိုသည်။

၎င်းအမိန့်ကို မြို့နယ်ပညာရေးမှူးရုံးက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများထံမှ တဆင့် ဆရာ ဆရာမများသို့ ယမန်နေ့ သြဂုတ်လ ၆ ရက်တွင် အမိန့်ထုတ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ ကျောင်းဆရာ/ဆရာမများအားလုံးကို မြို့နယ်ပညာရေးမှူးရုံးမှ ဆင့်ခေါ်တာ မှန်ကန်ပါသည်ဟု ပညာရေးဝန်ထမ်း သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

စစ်ကောင်စီမှတဆင့် ပညာရေးမှူး ဒေါ်နုနုသာကို ကျောက်ဖြူမြို့နယ်အတွင်းရှိ ဆရာ/ ဆရာမများ အားလုံးကို မြို့ပေါ်သို့ ပညာရေးကိစ္စဖြင့် လာရောက်ကြဖို့၊  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ၁၅ ရက်နေ့နောက်ဆုံးထားပြီး လာရောက်ကြဖို့ ပြောပါတယ်။ ပျက်ကွက်တဲ့ဝန်ထမ်းများကိုလည်း တာဝန်မှရပ်စဲမယ်ဟု ၎င်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားထားပါသည်။

ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူမြို့ပေါ်မှအပ နယ်ကျေးရွာတွေအားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည့် အတွက် လက်ရှိ စစ်ရေးအခြေအနေကြောင့် ကျောင်းတွေကို မဖွင့်နိုင်ဘဲ ပိတ်ထားရသည်။ သို့အတွက်ကြောင့် နယ်များက ဆရာ ဆရာမများကို မြို့ပေါ်တွင် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်မှ ပညာရေးဝန်ထမ်းအမျိုးသားတစ်ဦးက “ဒီလအတွင်း နယ်က ဆရာ/ဆရာမတွေအားလုံး မြို့ပေါ်ကိုလာရမယ်ပြောတယ်။ မလာရင် လစာလည်း မရတော့ဘူး။ တာဝန်ကနေ ရပ်နားပစ်မယ်ပြောတယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တစ်ခုလုံးမှ ဆရာ/ဆရာမများကို မြို့ပေါ်ရှိကျောင်းများတွင် ယာယီ တွဲဖက် တာဝန်ထမ်းဆောင်ခိုင်းမည်ဖြစ်ပြီး လိုအပ်ပါက ပြည်မဘက်သို့ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ခိုင်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်မှ ကျောင်းဆရာမ တစ်ဦးက နိရဥ္စရာကို ပြောသည်။

“အဓိကခေါ်တာက မြို့ပေါ်မှာ လိုအပ်ရင် စာပြခိုင်းမယ်။ ပိုနေရင်၊ မလိုရင် တခြားပြည်မဘက်တို့၊ လိုအပ်နေတဲ့နေရာတွေမှာ နေရာချပေးမယ်တဲ့”ဟုပြောသည်။

ကျောက်ဖြူမြို့တွင် စကစမှ နယ်ဘက်သို့ မော်တော်စက်လှေများကို အသွား/အလာ ပိတ်ပင်ထားပြီး နေဗီကလည်း နေ့စဉ် ကင်းလှည့်ကာ ရေကြောင်းတစ်လျှောက် အဖမ်းအဆီး အချို့ရှိနေသဖြင့် လက်ရှိ ကျောက်ဖြူမြို့ပေါ်သို့ သွားရန် အခက်အခဲရှိနေသည်ဟု အမည်မဖော်လိုသည့် နယ်ဘက်ဆရာတစ်ဦးမှ  နိရဉ္စရာသို့ ပြောသည်။

အခုလို အခက်အခဲရောက်နေတဲ့အချိန်မှ သူတို့ပိတ် ထားတဲ့လမ်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်ဆင့်ခေါ်တာလဲ။ ရေလုပ်သားတွေ ငါးရှာထွက်ရင် လည်း သူတို့နေဗီက လက်နက်ငယ်တွေနှင့် လှမ်းပစ်တယ်  ဘာအကြံအစည်တွေနဲ့ အခုလို မြို့ပေါ်သို့ဆင့်ခေါ်တာလဲမသိဘူး ကျွန်တော်တို့က မသွားရဲဘူး အကြောင်းအမျိုးမျိုးပြပြီး အမ်း မြို့နယ်က ဆရာ/ဆရာမတွေကို ဖမ်းသလိုမျိုး ဖမ်းမှာကိုကြောက်ပါတယ်။

ဇင်ကျွန်း၊ မြို့ချောင်းကျွန်းနှင့် မရဇိုင်းကျွန်းတို့သည် ရေကြောင်းခရီးဖြင့် အဓိကထား သွားလာနေရသည့် နေရာများဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် မြို့ပေါ်သို့သွားမည့် ဆရာ/ဆရာမများ၏ စာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးတို့က ကောက်ယူနေပြီဟု သိရသည်။

ကောက်ယူထားသည့်စာရင်းအရ ကျောက်ဖြူမြို့နယ်မှ မြို့ပေါ်သို့သွားမည့် ပညာရေးဝန်ထမ်း ထောင်နှင့်ချီရှိနေပြီဟု ကျောက်ဖြူမြို့ပေါ်မှ ပညာရေးဝန်ထမ်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“စာရင်းကောက်ထားတာ စာရင်းတင်ထားတဲ့သူတွေ ထောင်နဲ့ချီရှိနေပြီပြောတယ်။ အားလုံးကတော့ သွားမယ်လို့တော့ မဆိုလိုဘူး။ စာရင်းရထားတာကိုပြောတာပေါ့နော်။ တချို့ကလည်း သူများသွားရင် လိုက်သွားမယ်ဆိုပြီး တင်တာရယ်။ တချို့က ရွေးချယ်စရာ မရှိတော့လို့တင်တာရယ်။ တချို့ကတော့ တကယ်သွားချင်လို့ တင်တာတွေပေါ့”ဟုပြောသည်။

ကျောက်ဖြူမြို့နယ်မှ ပညာရေးဝန်ထမ်းများမှာ ဒေသမတည်ငြိမ်မှုများကြောင့် ကျောင်းမတက်နိုင်သော်လည်း ဇူလိုင်လအထိ လစာပုံမှန် ရရှိကြသည်ဟု သိရသည်။

လက်ရှိတွင် မြို့ပေါ်သို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်ရန် မလာပါက လစာမရသည့်အပြင် တာဝန်ကပါ ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။

တစ်ဘက်တွင်လည်း မြို့ပေါ်သို့ ယာယီတွဲဖက်တာဝန် သွားရောက်ထမ်းဆောင်မည်ဆိုလျှင် နေထိုင်စားသောက်စရိတ်ကလိုလာမည်ဖြစ်၍ ယခုရသည့်လစာထက် ကုန်ကျစရိတ်က ပိုများမည်ဖြစ်ပြီး အခက်အခဲပိုမိုဖြစ်လာနိုင်သည်ဟု ဆရာ၊ ဆရာမများက ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးက "ဒီလကုန်ရင် မြို့ပေါ်မှာတွဲရမယ်တဲ့။ မြို့မှာသွားပြီး ကျောင်းတက်ရမယ်တဲ့။ အဲလိုဆိုရင် လစာထက်ပို အကုန်အကျများလာမယ်။ အဲဒီမှာ စားဖို့သောက်ဖို့နေဖို့ထိုင်ဖို့အတွက်လေ"ဟု ပြောသည်။

မသွားလျှင် လစာမရသည့်အပြင် တာဝန်မှရပ်ဆိုင်းခံရမည်ဖြစ်၍ သွားသင့်၊ မသွားသင့် ဆုံးဖြတ်ရခက်နေကြသည်ဟုလည်း ပညာရေးဝန်ထမ်းများက ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် အခြေခံပညာကျောင်းများ ပုံမှန်ဖွင့်လှစ်လျက်ရှိသော်လည်း ဒေသခံအချို့ စစ်ဘေးရှောင်နေကြ၍ ကျောင်းတက်သည့် ကျောင်းသား/ကျောင်းသားဦးရေမှာ ယခင်ထက်နည်းပါးကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း (ကျောက်ဖြူမြို့မှ ဆရာမများ အရည်အချင်းစစ်စာမေးပွဲတစ်ခုကို ဖြေဆိုနေကြစဉ်)

ဆက်စပ် သတင်းများ