ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ အများပြည်သူ သွားလာနေသည့် နေရာများတွင် စစ်ကောင်စီမှ မြေမြုပ်မိုင်းလိုက်ထောင်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ နေရာအများအပြားတွင် စစ်ကောင်စီတပ်က မြေမြှပ်မိုင်းများ လိုက်ထောင်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီထောင်ထားသော မိုင်းကို တက်နင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိသူများရှိနေသော်လည်း မြေမြှုပ်မိုင်းများကို အများပြည်သူများ သွားလာနေသည့် နေရာများတွင် ဆက်လက်ထောင်နေဆဲဖြစ်သည်ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ တိုက်ပွဲမရှိတဲ့ ရွာဖက်တွေမှာ တောက်လျှောက်ထောင်ထားတာ။ အရှေ့ အနောက် တောင်မြောက် နေရာအားလုံးလိုလိုထောင်ထားတာ။ ကာရီဆယ်ထားတဲ့ တာဘောင်တွေမှာလည်းထောင်တယ်။ အရင်တစ်ခါတုန်းကလည်း အဲ့ဒီတာဘောင်မှာ ထောင်ထားတဲ့မိုင်းကိုနင်းမိလို့အမျိုးသားတစ်ယောက် ခြေထောက်ပြတ်သွားသေးတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့၏ ငလပွေ့ချောင်းတဖက်ကမ်း သစ်ပုတ်တောင်တိုက်နယ် စိုင်ခြုံဒွိန် ရွာအနီးတွင်လည်း မြေမြှုပ်မိုင်းများထောင်ထားသည်ကိုတွေ့ရကြောင်း ၎င်းမြေမြှပ်မိုင်းများကို  စစ်ကောင်စီတပ် ခလရ (၃၄)နှင့် ခမရ(၅၄၂)တပ်ရင်းတိကတပ်ဖွဲ့ဝင်များထောင်နေကြောင်း ကျေးရွာသားများကပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ငပြီတောင်၊ငှက်ပျောချောင်း၊တောင်ရှည်၊ ခမရ (၅၃၄)အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင်စသည့်ကျေးရွာအနှံ့အပြားတွင်လည်း စစ်ကောင်စီမှမိုင်းထောင်ထားသည့်အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူတွင် ယခုရက်ပိုင်းအတွင်း အခြေအနေ ငြိမ်သက်လျက်ရှိသော်လည်း စစ်ကောင်စီ၏ သွားလာ လှုပ်ရှားမှုများကိုခပ်စိပ်စိပ်မြင်တွေ့နေရသည်ဟု ကျောက်ဖြူမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ကျောက်ဖြူမြို့ပေါ်က စစ်ကားတွေ ထွက်တယ်။ ရဲတပ်ရင်း ၃၂ ကိုသွားတယ်။ အဲ့ဒီရဲတပ်ရင်းမှာ ရဲတွေတောင် သိပ်မတွေ့ဘူး။ အကုန်လုံး စစ်သားတွေပဲတွေ့နေရတယ်။ အဲဒီ ရဲတပ်ရင်းမှာ အရင်က ရဲ ၄၀၀ လောက်တောင် ရှိတာလို့ သိရတယ်။ အခုက စစ်သားတွေဘဲ ရှိတော့တယ်။ ရဲတွေက မရှိသလောက်ပါဘဲ။  ပူးပေါင်း အင်အားဖြည့်နေကြတာနဲ့တူတယ် “ ဟုပြောသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။(NN-11)

ပုံစာ - ကျောက်ဖြူ အောင်စေတီကျေးရွာနှင့် တောင်ရင်းရပ်ကွက်ကြားတွင် မိုင်းထောင်ထားကြောင်း စစ်ကောင်စီက ကပ်ထားသည့် အသိပေးဆိုင်းဘုတ်။ (ဓာတ်ပုံ - DMG )


ဆက်စပ် သတင်းများ