ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် အရေပြားရောဂါဖြစ်ပွားသူ ထောင်နှင့်ချီရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 111

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဆေးဝါးအချိန်မီ ကာကွယ်ကုသနိုင်ခြင်း မရှိ၍ အရေပြား ရောဂါဖြစ်ပွားနေမှုသည် ထပ်တိုးဖြစ်ပွားနေပြီး ဖြစ်ပွားသူ ထောင်နှင့်ချီ၍ အဆိုပါ ရောဂါကို ခံစားနေရကြသည်ဟု ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက်  လူကြီး၊ လူငယ်မရွေး အရေပြားရောဂါဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

မင်းပြားမြို့နယ်ရှိ ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်-ပေါက်တော၊ ရွှေကျင်၊ ပြင်ရောင်း၊ င/တာ၊ ဥပျံတောင်၊ ချောင်းတိုစသည့် ကျေးရွာများမှ ဒေသခံများမှာ အဆိုပါ အရေပြားရောဂါကို ခံစားနေကြသည်ဟု ဆိုသည်။

အဆိုပါကျေးရွာများမှ အရေပြားရောဂါဖြစ်ပွားနေသည့်ဒေသခံဦးရေမှာ ယခင်က ၄၀၀ ကျော်ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံထောင်နှင့်ချီဖြစ်ပွားနေကြပြီဟု သိရသည်။

"ရေကြီးပြီးနောက် ဒီအရေပြားရောဂါစဖြစ်တုန်းကတော့ တစ်ရွာမှာ လူဆယ်ယောက်လောက်ပဲ ရှိတယ်။ အခုနောက်ပိုင်းကျတော့ တစ်စထက်တစ်စပိုများလာနေတယ်။ ရေကြီးခဲ့တဲ့ ပန်းမြောင်းကြီးချောင်းတလျှောက်က ရခိုင်ရွာတွေကော၊ ချင်းရွာတွေပါပေါင်းလိုက်ရင် အခုဖြစ်နေတာ ထောင်နဲ့ချီပါတယ်" ဟု မင်းပြားမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးဖြစ်သူ ကိုဟန်နရီက ပြောသည်။



မင်းပြားမြို့နယ်မှ ဒေသခံများအရေပြားရောဂါဖြစ်ပွားမှု ယခင်ကထက် ပို၍ ထပ်တိုးလာနေသော်လည်း လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းများထံမှ ဆေးဝါးကူညီထောက်ပံ့မှုများမရရှိသေးသည်ဟု သိရသည်။

ယင်းသို့ဆေးဝါးကူညီထောက်ပံ့မှုများမရရှိသေးသည့်အတွက် ဒေသခံများမှာ တောတောင်များမှ ဆေးမြစ်၊ ဆေးရွက်များကို ရှာဖွေခူးယူကာ ထုထောင်းလိမ်းကျံ ကုသနေကြရသော်လည်း သက်သာပျောက်ကင်းသွားခြင်းမရှိဟုလည်း သိရသည်။

"ဆက်သွယ်ရေးလမ်းကြောင်းက အရမ်းခက်ခဲတာလည်းပါမယ်။ တချို့က သာမန်လို့ ယူဆတာနဲ့လည်း တူပါတယ်။ ဒါပေမဲ့ ဒီရောဂါက ကျေးရွာတိုင်းမှာ ဖြစ်နေတာရယ်။ လအလိုက် ဖြစ်နေတာကို ကြည့်တဲ့အခါ ရေကြောင့်ဖြစ်ပေမဲ့ ကူးစက်ရောဂါလိုလို ဖြစ်သွားတာ။ ဆေးဝါးသေချာ ထိုးနှံပေးဖို့ လိုအပ်ပါမယ်။ တစ်ကြိမ်ဆေးထိုးရင်တောင် ပျောက်မယ်လို့ မယူဆမိဘူး။ အခက်အခဲက ဆေးဝါးပြတ်လပ်နေတော့ ရှိတဲ့ ဆေးဝါးတွေကလည်း အရမ်းဈေးကြီးတာတွေပေါ့။ သာမန်ပြည်သူတွေက ဆေးဝယ်ပြီး ကုသဖို့ ဒီလိုအခြေအနေမှာ မလွယ်တော့ တချို့က တိုင်းရင်းဆေးတွေနဲ့ ကုသနေကြတယ်"ဟု မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတတိယအပတ်ခန့်ကလည်း ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာ ကျွန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် အိမ်ထောင်စု (၁၃၀) ခန့် ခိုလှုံနေထိုင်ကြသည့် ကျေးရွာတစ်ခုတွင် အရေးပြားရောဂါ (ယားနာ) များဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာစစ်ဘေးရှောင်စခန်းတွင်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ သောက်သုံးရေရှားပါးမှုကြောင့် မသန့်ရှင်းသည့် သောက်သုံးရေများကို သောက်သုံးနေခဲ့ရ၍ စစ်ဘေးရှောင်ကလေးသူငယ်များနှင့် သက်ကြီးပိုင်းအရွယ်များပါမကျန် လူဦးရေ (၂၀၀) ကျော်ခန့်မှာ အရေပြား(ယားနာ) ရောဂါများ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကနေ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်ဆို့လိုက်သည့်အတွက် ရခိုင်ပြည်သူများမှာ စားသောက်ကုန်၊ ဆေးဝါးနှင့် အခြေခံ လူသုံးကုန်ပစ္စည်းများပါမကျန် ပြတ်လပ်သွားခဲ့ရသည်ဟု သိရသည်။

Photo - Salai Aung Yar Linn

ဆက်စပ် သတင်းများ