ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင်ကျေးရွာ တစ်ရွာကို လူ ၂၅ ယောက်ဖြင့် ရွာလုံခြုံရေးဖွဲ့စည်းပြီး ၎င်းတို့အတွက် သင်တန်းစရိတ်ဟုဆိုကာ တစ်အိမ်ထောင်ကို ကျပ် ၁သောင်းကနေ ၃သောင်းထိ ကောက်ခံနေ၍ ပြည်သူများ အခက်အခဲကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ခိုင်လူလှ( ရိုးမမြီ) နိရဉ္စရာ၊ မေ ၁၈/ ၂၀၂၄

ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် ကျေးရွာ တစ်ရွာကို လူ ၂၅ ဦးဖြင့် ကျေးရွာလုံခြုံရေး ဖွဲ့ရမည်ဟု ဆိုကာ စစ်တပ်က အတင်းဖွဲ့ခိုင်းပြီး ၎င်းတို့ သင်တန်းစရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုက ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

ဂွမြို့နယ် ရတနာမြိုင်ရွာသား တစ်ဦးက “ အခုရွာမှာ စစ်တပ်က ရွာလုံခြုံရေးဖွဲ့ရမယ်ဆိုပြီးတော့ တစ်ရွာကို ၂၅ ယောက် ဖွဲ့ခိုင်းပြီးတော့ အဲဒီလူတွေ သင်တန်းသွားရဖို့အတွက်ဆိုပြီး တစ်အိမ်ကို ၂၀၀၀၀ ကနေ ၃၀၀၀၀ ကောက်နေပါတယ်။ မေလ ၁၇ ရက်နေ့ ညနေကစပြီးတော့ အုပ်ချုပ်ရေးမှုး ဦးကိုသန်းနဲ့ အဖွဲ့က တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ခံနေပါတယ်”ဟု ပြောသည်။

ရတနာမြိုင်ရွာတွင် ရွာသားအများစုမှာ အဆင်မပြေကြသူများပြီး ငွေမထည့်သူ အိမ်ထောင်စုများအား ရွာကနေ နှင်ထုတ်ကာ သန်းခေါင်စာရင်းကနေ ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ပြီး  အတင်း ကောက်ခံနေသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ ရွာမှာ နေထိုင်ကြတဲ့သူတွေက အဆင်မပြေတဲ့ သူတွေများပါတယ်။  အခု အကျပ်အတည်းနဲ့ နေထိုင်ရတဲ့ အခြေအနေမျိုးမှာ ခုလိုထပ်ပြီး အတင်းငွေကောက်တာနဲ့  ရင်ဆိုင်နေကြရလာတော့ ပိုပြီးတော့ အဆင်မပြေကြရတာပေါ့။  ဒါကို အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတို့က အတင်းအဓမ္မ ကောက်ပြီးတော့ မထည့်ရင် ရွာသူ ရွာသားတွေကို ရွာသား အဖြစ်ကနေ ပယ်ထုတ်မယ်။  သန်းခေါင်စာရင်းကနေလည်း ထုတ်မယ်လို့  ပြောခဲ့ပါသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ဂွ မြို့နယ်၊ ကျိန္တလီမြို့ အနီးနားမှာရှိ သဖန်းကွင်း၊ ချင်းကွင်း၊ ပုန်းညက်၊ စမ်းချောင်း၊ ဂျိတ်တောင်၊ ကိုင်းတောကွင်း၊ သဲကုန်း၊ ကျောက်ခေါက်ကွင်း ကျေးရွာတို့တွင်လည်း ပြည်သူ့စစ်ဖွဲ့ရန် စာရင်းကောက်ယူနေပြီး အိမ်တစ်အိမ်ကို ငွေတစ်သောင်းကနေ နှစ်သောင်းထိ ကောက်ခံနေကြောင်း ကျေးရွာသားများက ပြောကြားသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ အခု  လူတွေက ငါးဖမ်းပိုက်ချတာလည်း မလုပ်ကြသေးဘူး။ လယ်လည်း မလုပ်ကြသေးဘူး။ အခုလို ဝင်ငွေမရှိတဲ့ကာလမှာ ငွေကောက်ခံနေလို့ အကုန်သူ အခက်အခဲဖြစ်နေပါတယ်။ ဒီအထဲမှာ ကုန်စျေးနှုန်းကလည်း အရမ်းကြီးတော့ လူတွေ ထမင်းမငတ်ရုံတမယ် ရုန်းကန်နေရချိန်မှာ ပြည်သူ့စစ် စရိတ်ဆိုပြီး ငွေကောက်နေတော့ အားလုံး စိတ်မချမ်းသာ ဖြစ်နေကြရပါတယ်” ဟု ပြောကြားသည်။ 

လက်ရှိ အဆိုပါဒေသတွင် အညံ့ဆုံး ဆန်တပြည်ကို ကျပ်ငွေ ၆၅၀၀ ကနေ ၈၀၀၀ အထိ ရှိနေပြီး ဆန်ကွဲကြိုသောက်နေရသူများတောင်ရှိနေကြောင်း သူမက ပြောကြားသည်။

လက်ရှိ ဓာတ်ဆီ ၁ လီတာ ၇၀၀၀၊  အညံ့စားဆန်တစ်ပြည် ၆၅၀၀၊ ကော်ဖီမစ် ၁ ထုပ် ၄၀၀၊  ကြက်သွန်နီ ၁ ပိဿ ၇၀၀၀၊ ကြက်သွန်ဖြူ ၁ ပိဿာ ၃သောင်း၊ ယမ်ယမ်ခေါက်ဆွဲနှင့်  ခေါက်ဆွဲထုပ် ၁ ထုပ် ၁၀၀၀ စသဖြင့် ဝယ်ယူအသုံးပြုနေရသည်ဟု သူမက ပြောဆိုသည်။

နောက်ထပ် ဒေသခံ တစ်ဦးကလည်း “  ကျွန်တော်တို့ ဂွမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအများစုက စစ်တပ်က ခန့်အပ်တာများလို့ ပြည်သူတွေကို အာဏာပြတဲ့သူများပါတယ်။ အခုလည်း စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူတွေမှာ ရှိမှန်း မသိ၊ မရှိမှန်းမသိ တစ်အိမ်ကို ငွေ ၁သောင်းကနေ ၃ သောင်းထိ ကောက်နေပါတယ်။ ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထည့်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်”ဟု ပြောကြားသည်။ 

၎င်းပြင် စစ်မှုမထမ်းလိုသူများကို ဖမ်းဆီးမှုများလည်း ရှိနေသည်ဟု ဆိုသည်။

“ သဲကုန်းရွာက လွန်ခဲ့တဲ့ ၁၀ ရက်လောက်က  လူသုံးယောက်ကို ဖမ်းသွားခဲ့ပါတယ်။ ပုန်းညက်ကျေးရွာကလည်း  လူနှစ်ယောက်ကို  မာန်အောင်ကို ငပိပို့ဖို့  စက်လှေနဲ့ သွားတာ ဖမ်းပါသွားတယ်။ အခုထိ သူတို့နဲ့ အဆက်အသွယ်မရသေးဘူး။ အဲဒီ နှစ်ယောက်ထဲက တစ်ယောက်က စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ ကလေးပါ။ ဒီက လူကြီး လူလတ် လူငယ်တွေ ပြောနေကြပါတယ်။ တပ်တော်ထဲကို သွားဝင်ချင်တယ်လို့။ ဒါပေမယ့် အဆက်အသွယ်မရှိတော့ ခက်နေကြတယ်မလား”ဟု ပြောဆိုသည်။

ဂွမြို့နယ်တွင် အများစုပြည်သူများမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် အကြီးအကျယ် အကျပ်အတည်းဖြစ်နေချိန်တွင် ပြည်သူ့စစ် စရိတ်သင်တန်းခ၊ ၎င်းတို့၏ စားနပ်ရိက္ခာခဟု ဆိုကာ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အတင်းအဓမ္မငွေကောက်ခံနေသဖြင့် ပြည်သူများမှာ များစွာအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ