- Web Master
- ၁၉ အောက်တိုဘာ ၂၀၂၂
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀/ ၂၀၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောင်ဘက်ခြမ်း၊ ထန်းကုန်တိုက်နယ်က စစ်ဘေးရှောင် ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ စစ်ဘေးရှောင်တချို့နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့ က ပြောသည်။
“မနေ့က မနက်က ဖြစ်တာပေါ့။ တော်တော် ရက်စက်တဲ့သူတွေ။ အရှင်လတ်လတ်ကို မီးရှို့သတ်ဖြတ်ခဲ့တာ။ ရွာ မနေရဲကြလို့ စစ်ရှောင်ထွက်လာကြတာကို သူတို့ စခတွေနဲ့တွေ့လို့ သတ်ဖြတ်ခံလိုက်ရတာ”ဟု အင်္ဂါထောင့် ကျေးရွာက စစ်ရှောင်တစ်ဦးကပြောသည်။
ကန့်ဘလူမြို့နယ်ထဲရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးဝင်ရောက်မှုတွေကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်း တို့ ၂ ဦးသတ်ဖြတ်ခံရမှုသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းကဖြစ်ကြောင်း သိရှိရသည်။
“ဒီဘက်မှာ အမြဲ ပစ်ခတ်နေကြတာဆိုတော့ ကျေးရွာတွေမှာ မနေရဲကြတော့ ထိမ်းရှောင်နေကြရတာ။ အပစ်မဲ့ ပြည်သူတွေပါပဲ။ ဒါကို စစ်သားတွေက ကြောက်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ တော်တော်ဆိုးတယ်။ အခု ၂ ဦးဆိုလဲ စစ်ရှောင်လာတာဗျာ ”ဟု မန်ကျီးကုန်းကျေးရွာ ဒေသခံ စစ်ရှောင် တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ခမရ ၃၆၈ နှင့် ပျူစောထီးအဖွဲ့များသည် အင်အား ၁၀၀ ကျော်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ကာ အင်းလယ်ကြီးကျေးရွာကနေ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ ဒေသအတွင်းရှိ အင်းဘယ်ကြီး၊ အဂါင်္ထောင့်၊ ကိုင်းရိုး၊ သရက်တာ၊ မဲသည်၊ ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ/ရွာသစ်၊ ဉာဏ်အင်း၊ ထိန်တော၊ သပြေသာ၊ ဗိုလ်ကုန်း၊ ရှမ်းတပ်၊ မန်းကျီးကုန်း၊ ဆူးတပ်၊ ဆင်းနင်းနှင့် ဖုတ်ကုန်းရွာများမှ ဒေသခံများသည် စစ်ရှောင်နေကြရသည်။
၎င်း ကျေးရွာများသည် ထန်းကုန်း တိုက်နယ်နှင့် ဇီးကုန်းတိုက်နယ် အပိုင်များဖြစ်ပြီး ဒေသခံ ၁၅၀၀၀ ဝန်းကျင်း ခန့်သည် စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းကိုလည်း ဒေသခံ စစ်ဘေးရှောင်ကူညီသူ များထံမှ သိရှိရသည်။ (NN – 25)
ဓာတ်ပုံ - မီးရှို့သတ်ဖြတ်ခံလိုက်ရသည့် စစ်ရှောင် ၂ ဦး