ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

တိုက်ပွဲမရှိသည့်ပေါက်တောကို စစ်တွေက လက်နက်ကြီးများဖြင့် လှမ်းပစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၁၁/၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိသော်လည်း စစ်ကောင်စီက စစ်တွေမြို့မှတဆင့် လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်ဟု သိရသည်။

ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းရှိ အနောက်ရဲမွတ်ဆလင်ကျေးရွာနှင့် ကျောက်ပြင် ကျေးရွာတို့ကို ယနေ့ ဩဂုတ် ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေရဲတပ်ရင်း အမှတ်(၁၂)နှင့် ကြက်ကိုင်းတန် အမြော​က်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက "အနောက်ရဲမွတ်ဆလင်ကျေးရွာမှာ အရင်က ရဲစခန်းချခဲ့တဲ့ နေရာမှာ လက်နက်ကြီး ၃ လုံး၊ ကျောက်ပြင်ကျေးရွာရဲ့ လယ်ကွင်းပြင်မှာ ၄ လုံး ကျတယ်။ အထိအခိုက်တော့ မရှိဘူး" ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက လူနေကျေးရွာများကို တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခြင်းသည် ဥပဒေမဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က နိရဥ္စရာကို ပြောသည်။

"တိုက်ပွဲမရှိဘဲနဲ့ ရမ်းပြီးတော့ ရွာတွေကို လှမ်းပစ်နေတာကတော့ လုံးဝ စစ်ရာဇဝတ်မှု မြောက်တယ်လေ။ တိုက်ပွဲရှိလို့ ပစ်လို့ ကြားက ရွာတွေမှာ ကျသွားတော့ တစ်မျိုးလေ။ ပြီးရင် စစ်တွေနဲ့ ပေါက်တောက မိုင် ၁၆ မိုင်လောက်ဝေးတယ်။ မြစ်ကမ်းနားနဲ့ စစ်တွေဆို ၁၂ မိုင်လောက်ရှိမယ်။ ဒီလိုပစ်ခတ်တာက ကမ္ဘာမှာ ဒီလိုစစ်ရာဇဝတ်မှု ကျူးလွန်တာ ရှိမှာမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)က တော်တော် ဥပဒေမဲ့တယ်လို့ ပြောရမှာပေါ့"ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင်လည်း ပေါက်တောမြို့နယ်ရှိ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံစသည့်ကျေးရွာတို့ကို စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိပြီး အိုး၊ အိမ်များလည်း ပျက်စီးခဲ့သည်။

ဓာတ်ပုံ - စစ်ကောင်စီ (ပုံဟောင်း)

ဆက်စပ် သတင်းများ