- Web Master
- ၁၅ မေ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားတွင် တနင်္ဂနွေနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများ ဖြစ်ပွါးခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး လူပေါင်း ၈၀၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု သိရှိရသည်။
အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ရေလွှမ်းမိုးမှုကြောင့် လူ ၇ ဦးပျောက်ဆုံးနေပြီး အိမ်ခြေ ၆၅၀ ပျက်စီးခဲ့သည်ဟု ဆိုသည်။
ပါဒန် ပါရီယာမန်ဒေသတွင် စနေနေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိမှုဖြစ်ပွါးခဲ့ရာ ကားလမ်းတစ်ခု ပိတ်သွားသည်ဟု သိရသည်။
အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့ဝင် ၁၅၀ တို့သည် မြေပြိုလမ်းပိတ်နေသည့်ကြားက ပျောက်ဆုံး နေသူများ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးပြုလုပ်နေရသည်။
ကယ်ဆယ်ထားသူများကို အနီးရှိဗလီတစ်ခုတွင် နေရာချထားပေးပြီး လိုအပ်သော အစားအစာ၊ ရေနှင့် ဆေးဝါးများ ပေးအပ်ထားကြောင်း အင်ဒိုနီးရှားကယ်ဆယ်ရေးအေဂျင်စီမှ အဗ္ဗဒူမူဟာရီက ပြောကြားသည်။
ရေလွှမ်းမိုးမှုကြောင့် တံတား ၂၆ခု၊ စာသင်ကျောင်း ၂၅ကျောင်းနှင့် လယ်ယာစိုက်ပျိုးမြေ ၁၁၅ ဟက်တာ ပျက်စီးသွားသည်ဟု သိရသည်။
အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီသည် ရုတ်တရက်မိုးကြိုးပစ် မိုးရွာသွန်းခြင်းကဲ့သို့ လွန်ကဲရာသီဥတု ဖောက်ပြန်မှုများ မတ်လနှင့် ဧပြီလအတွင်း ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။
NN-27/ref:Bangkok Post