(ပြင်ဆင်ချိန်ကို တစ်လထပ်တိုးပေး)
နိရဥ္စရာ၊ ဧပြီ ၂၁
/၂ဝ၂၃
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ)တွင်
မြန်မာဘက်က ချေပလွှာ(Counter Memorial)တင်သွင်းရမည့်ရက်ကို ၁ နှစ်ခန့်အထိရွေ့ဆိုင်းပေးရန်
စစ်ကောင်စီ၏ ပန်ကြားတောင်းဆိုမှုအား
ICJ က
ပယ်ချလိုက်သည်ဟု သိရသည်။
မြန်မာစစ်ကောင်စီအနေဖြင့်
ICJ တွင်
လာမည့် ဧပြီလ ၂၄ ရက်(တနင်္လာနေ့)၌ ချေပလွှာတင်သွင်းရတော့မည်ဖြစ်သော်လည်း
နောက်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်အထိ (၁ဝ)လကြာ ရွေ့ဆိုင်းထားပေးရန် ပြီးခဲ့သည့် မတ်လ
၁၄ ရက်က ပန်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပန်ကြားချက်အပေါ်
ICJ က
ပယ်ချခဲ့သော်လည်း ချေပလွှာ
ပြင်ဆင်ချိန်ကို နောက်ဆုံး တင်သွင်းရက်ကို
ဧပြီလ ၂၄ ရက်အစား မေလ
၂၄ ရက်သို့ ပြင်ဆင်ချိန် ၁ လထပ်တိုးပေးခဲ့သည်ဟု ICJ ဘက်က ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင်
ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ICJ တွင်
ချေပလွှာတင်သွင်းရာတွင် အချက်အလက်များ ပိုပြီး ခိုင်ခိုင်မာမာရှိစေရန် လိုအပ်သည့် အတွက် ယခုကဲ့သို့ ၁ဝ လကြာ
အချိန်တိုးတောင်းရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရသူ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း VOA သတင်းတွင် ယနေ့ ဧပြီလ ၂၁ ရက်၊ နံနက်က ဖော်ပြထားသည်။
"အဓိကတော့ မြန်မာဘက်ကနေကျ
counter memorial အပြည့်အစုံ
တင်နိုင်ဖို့အတွက် အခုလို အချိန်ထပ်မံ ယူဖို့ပြောတာဖြစ်ပါတယ်။
အဲဒါကို မေလထဲ ရွှေ့ဆိုင်းပေးတယ်လို့ ကျနော်တို့ သိရပါတယ်။ မပြည့်စုံလို့ရယ်
မဟုတ်ပါဘူး။ ကျနော်တို့အဲဒီမှာ အချက်အလက်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့
ထပ်မံပြီးတော့ ဖြည့်စွက်စရာရှိတယ်။ ပိုမိုခိုင်မာအောင် လုပ်စရာရှိတယ်။
ဒါကြောင့် အချိန်ရွှေ့ဆိုင်းပေးဖို့ ပြောတာဖြစ်တယ်"ဟု ပြောသည်။
ICJ ၏ ဧပြီ ၆ ရက်က ထုတ်ပြန်ချက်ထဲတွင်
မြန်မာဘက်က ချေပလွှာတင်သွင်းရမည့် အချိန်ရွေ့ဆိုင်းပေးရန် တောင်းဆိုချက်အကြောင်းပြချက်များ၌
မြန်မာအပေါ်တရားစွဲထားသည့် ဂမ်ဘီယာနိုင်ငံဘက်က တင်ထားသည့် အဆိုလွှာသည်
ရှည်လျားခြင်း၊ အမှုနှင့်ဆိုင်သည့် စာရွက်စာတမ်းများကို မြန်မာ(သို့မဟုတ်)
အင်္ဂလိပ်လို ဘာသာပြန်ဆိုရန် အချိန်လိုအပ်ခြင်း၊ မြန်မာဘက်က
အသုံးပြုနိုင်သည့်အရင်းအမြစ် မလုံလောက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို
မြန်မာဘက်သို့ ပြန်ခေါ်ပြီး သက်သေခံချက်များယူရန် အချိန်လိုအပ်ခြင်း၊
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း
မြန်မာနိုင်ငံတွင် အုပ်ချုပ်သူ အပြောင်းအလဲကြောင့် ချေပလွှာကို ပြင်ဆင်နိုင်စွမ်း ထိခိုက်မှုရှိခဲ့ခြင်း
စသည့်အချက်များ ပါဝင်သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ ICJ
တွင်
ချေပလွှာတင်သွင်းနိုင်ရေးကိစ္စကို မြန်မာစစ်ကောင်စီဘက်က ပြင်ဆင်နေသော်လည်း မြန်မာစစ်တပ်၏
မူဆလင်များအပေါ်ကျူးလွန်ခဲ့မှုအချို့သည် မှန်ကန်ထင်ရှားနေခဲ့သည့်အတွက်
ယခုစွပ်စွဲထားမှုမှ လွတ်ကင်းအောင်ဆောင်ရွက်နိုင်ရန် အလွန့်အလွန်ခက်ခဲသည့်အချိန်ဖြစ်သည်ဟုလည်း
ရခိုင်အရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက
နိရဥ္စရာကို ပြောဆိုထားသည်။
မြန်မာဘက်က
ICJ တွင်
ချေလွှာတင်ပြီးလျှင် နောက်ထပ် စာနှင့်လျှောက်လဲချက်များ အပြန်အလှန်
တင်ရဖွယ်ရှိပြီး ယင်းနောက်တွင် အမှုအား ကြားနာမှုများ ဆက်လုပ်ရမည်ဟု
သိရသည်။
ယင်းသို့
ချေပလွှာတင်သွင်းနိုင်ရန်အတွက်လည်း ICJ တွင် တရားရင်ဆိုင်ခြင်းဆိုင်ရာ
ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုလှိုင်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည်
ရခိုင်ပြည်နယ်၊ စစ်တွေသို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလအစောပိုင်းကလာရောက်ပြီး
ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင်
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများအတွင်း
မွတ်ဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းကျူးလွန်သည်ဟုဆိုကာ
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင်
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၂ဝ၁၉ ခုနှစ်က တရားစွဲဆိုထားခြင်းဖြစ်သည်။
စတင်တရားစွဲဆိုခဲ့ချိန်က
မြန်မာဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ၊ သဟိဂ်မြို့ရှိ ICJ
တရားရုံးသို့ သွားရောက်တရားရင်ဆိုင်ခဲ့ရသေးသည်။
ယင်းသို့
စွပ်စွဲထားမှုမှာ မဟုတ်မှန်ကြောင်းနှင့် တရားစွဲဆိုထားမှုအပေါ်
လက်ခံကြားနာခြင်းမပြုလုပ်ရန် အချက်(၄)ကို မြန်မာအစိုးရဘက်က ICJ
တွင်
ပြီးခဲ့သည့်နှစ်က တင်သွင်းချေပခဲ့သော်လည်း ယင်းချေပချက်
(၄)ချက်စလုံးကို ICJ က
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ပယ်ချခဲ့သည်။
ပြီးခဲ့သည့်
၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင်
မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့် မူဆလင် ၇ သိန်းကျော်သည် တစ်ဘက်
ဘင်္ဂလားဒေ့ရှ်နိုငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက
ထုတ်ပြန်ထားသည်။(NN-16)
Photo - ICJ