- Web Master
- ၀၂ သြဂုတ် ၂၀၂၄
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၁၉/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားပြီး ရွာသားများ ဖျားနာနေကြကြောင်း သတင်းရရှိသည်။
တုပ်ကွေးကြောင့် ဖျားနေကြသည်မှာ တစ်လ ခန့်ရှိပြီဖြစ်ကြောင်း၊ ၄င်းကျေးရွာအတွင်း ရွာသားများ အားလုံးနီးပါး ဖြစ်နေကြောင်း မောရဝတီကျေးရွာမှ ဦးမောင်လှထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
သူက “တစ်အိမ်မှာ လူ ၄ယောက်ရှိရင် ၄ ယောက်၊ ၃ ယောက်ရှိရင် ၃ယောက်လုံး ဖြစ်နေကြတာ။ တစ်ယောက်ပြီးတစ်ယောက် ဖျားနေကြတာပါ။ ဆရာဝန်က ရာသီကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး။ သွေးလွန်းတုပ်ကွေးလို့ ပြောပါတယ်။ အခုလည်း ဖျားနေကြတယ်။”ဟု ပြောသည်။
တစ်ရွာလုံးနီးပါး အိမ်တိုင်းစေ့ ဖြစ်နေသည့်အတွက် မြို့နယ်ကျန်းမာရေးဌာနသို့ ကျေးရွာသားများက အကြောင်းကြားပြီး ဇွန်လ ၁၈ ရက်နေ့ က မောင်တောမြို့နယ် ဆရာဝန်ကြီးက ကျေးရွာအတွင်းသို့ လာရောက်ကုသမှုများ ပြုလုပ်ပေးကြောင်း၊ ကျေးရွာသားများက ပြောသည်။
ကျေးရွာသားတစ်ဦးက “ ကျနော်တို့ မိသားစု သုံးယောက်ရှိတာ သုံးယောက်လုံး ဖျားတယ်။ ဖျားပြီးတော့ ခန္ဓာကိုယ်တွေ ယားယံပြီး အနာသီး လေးတွေ နီရဲပြီးထွက်လာတယ်။ ကိုယ်လက်တွေ ညောင်းညာ ကိုက်ခဲနေတာ။ ဖြစ်တာက တစ်ယောက်ပြီးတစ်ယောက်ကူးစက်ကြတာပါ” ဟုပြောသည်။
တစ်ရွာလုံး အိမ်တိုင်းစေ့ ထိုသို့ကူးစက်ရောဂါ ယခင်ကဖြစ်ဖူးခြင် မရှိကြောင်း၊ ထိုသို့ဖြစ်နေသည့် ရွာသူ ရွာသားများအား အမြန်ဆုံးပျောက်ကင်းအောင် ဆေးကုသမှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံများကပြောသည်။
၎င်းကျေးရွာ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် သက်ဆိုင်ရာ မြို့နယ် ဆရာဝန်ကြီးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရရှိခဲ့ပါ။ ထိုအတွက်ကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ဖြေကြားခြင်းကို တင်ပြပေးနိုင်ခြင်းမရှိပါ။