စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ငပလီကမ်းခြေတွင် ကျွဲ၊ နွား အသေကောင် ၁၀ ကျော်ခန့် သောင်တင်နေ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီကမ်းခြေတစ်လျှောက်တွင် နွားသေနှင့် ကျွဲသေကောင်များ  အကောင်ရေ ၁၀ ကျော်ခန့် သောင်တင်နေသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါကမ်းခြေတစ်လျှောက်တွင် သေဆုံးနေသည့် ကျွဲ၊ နွားကောင်ရေ ၁၀ ကျော်ကို ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက် ၇ နာရီခန့်က တွေ့ရသည်ဟု မျက်မြင် မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"အခုက မုန်တိုင်းရှိတယ်တော့ လှိုင်းက ကြမ်းတယ်။ နွားသယ်လာတဲ့လှေ မှောက်တာလား။ မြုပ်တာလား မသိဘူး" ဟုပြောသည်။

လက်ရှိတွင် သေဆုံးသွားသည့် ကျွဲ၊ နွားအသေကောင်မျာကို ငပလီကမ်းခြေတစ်လျှောက်ဖြစ်သည့် မဇင်ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်တို့တွင် တွေ့ရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

နောက်မြို့ခံတစ်ဦးက  "ပင်လယ်ထဲမှာ နွားတင်‌ဆောင်လှေမှောက်တာ။ ခပ်လှမ်းလှမ်းမှာ မှောက်နေတဲ့ လှေတွေ့ရတယ်။ ဒီနွားတွေနဲ့ ဘင်္ဂလာဘက်တို့ကို သွားတဲ့ လှေတွေရှိတယ်။ ဒါကတော့ ဧရာဝတီတိုင်းတို့၊ ချောင်းသာတို့ဘက်က ဖြစ်ဖို့များပါတယ် " ဟုပြေသည်။

ယခုလို လှေမှောက်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို လက်ရှိအချိန်အထိ လူသေဆုံးမှု ရှိ မရှိကို မသိရသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငပလီမြို့ရဲစခန်းနှင့် သံတွဲမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။  (NN-13)

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ