သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တန်းနယ်မြေရှင်းလင်းရေးလုပ်မည့်ထုတ်ပြန်ချက် ပြန်ရုပ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းနယ်မြေကို နယ်မြေရှင်းလင်းရေးလုပ်ရန် ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လက်မှတ်ရေးထိုပြီး ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ကျောက်တန်းနယ်မြေအတွင်းရှိ AA ဝင်ရောက်လှုပ်ရှားချက်ရှိသည့် ကျေးရွာများကို မိမိလှုပ်ရှား စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ကျေးရွာသားများအား ထိခိုက်ဒဏ်ရာ မရရှိစေရေး ကျေးရွာများတွင် နေထိုင်ခြင်း မပြုဘဲ ခေတ္တရှောင်တိမ်းနေထိုင်ကြရန် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဇွန်လ ၂၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

၎င်းအမိန့် ညွှန်ကြားချက်ကို ရုပ်သိမ်းကြောင်းစာအား ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ပြီး ယခင်ထုတ်ပြန်အား ယခုစာက လွှမ်းမိုးပယ်ဖျက်ကြောင်း ဖော်ပြသည်။ 

ထုတ်ပြန်ချက်ထုတ်ပြန်သည့်အချိန်တွင် ကျောက်တန်းကျေးရွာအနီးတဝိုက်ကိုသာ ဖယ်ရှားပေးရန်သာ ထုတ်ပြန်ခဲ့သော်လည်း ကျေးရွာပေါင်း လေးဆယ်ကျော်ကို ထုတ်ပြန်စာများ ဖြန့်ဝေလိုက်သည့်အတွက် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိရဥ္စရာသတင်းဌာနအားပြောသည်။

ဗိုလ်မှူးကြီးမင်းသန်းက “ပြန်ရုပ်သိမ်းတယ်ဆိုတာဒီလို။ မြို့နယ်ကနေ ကျေးရွာလေးဆယ့်နှစ်ရွာ တောင်ထုတ်ပစ်လိုက်တာ။ အမှန်ကတော့ ကျောက်တန်းနားလေးမှာ လေးငါးရွာပဲ ရှိတာလေ။ လေးငါးရွာလောက်ပဲခိုင်းတဲ့ကိစ္စကို အများကြီးထုတ်လိုက်တယ်။ အဲဒီမျိုးကြောင့်မို့ အဲဒီစာကို ပြန်ရုပ်သိမ်းလိုက်တယ်။ အဲဒီလေးငါးရွာကတော့ ရန်သူနဲ့ တိုက်နေတာလေ ဘယ်လို့လုပ်ရုပ်သိမ်းလို့ရမလဲ” ဟုပြောသည်။

ယင်းကြောင့် ကျောက်တန်းကျေးရွာအရှေ့ဖက်အနီးတဝိုက် ကျေးရွာသားများသာ ဖယ်ရှားပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ရက်ဇွန်လ ၂၄ ရက်နေ့က ကျောက်တန်းနယ်မြေအား နယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ဖယ်ရှားပေးရန် ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် ရွာ ၄ဝ ကျော်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာများထဲမှ ကျေးရွာသားများမှာ နီးစပ်ရာဆွေမျိုးများရှိရာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့ပေါ်များသို့ ထွက်ပြေးခိုလှုံနေကြရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း စာထုတ်ပြန်မှု အပေါ် သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံ သံရုံးများမှလည်း အလွန်အမင်း စိုးရိမ် ပူပန်ကြောင်း ဇွန် ၂၇ ရက်နေ့က စုပေါင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။


ဆက်စပ် သတင်းများ