- Web Master
- ၀၅ စက်တင်ဘာ ၂၀၂၄
ဒီဇင်ဘာ ၁၃ ရက်နေ့ “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်၌ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါရှိသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မြေပုံမြို့နယ်၊ စညှင်းဝအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဖော်ပြသည်။
မြောက်ဦးမြို့၏ မြို့ပြင်တစ်နေရာ၌ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄နာရီ ၂၈ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ရှေးဟောင်းသမိုင်းဝင် နယ်မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။
ထို့အပြင် မြောက်ဦးမြို့၊ မင်္ဂလမာရ်အောင်အထက်ဘက်တောင်ကြောတစ်လျှောက်၊ သက္ကျမာရ်အောင် ဘုရားအနီး ပတ်ဝန်းကျင်များနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ တောင်တန်းတလျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ
(၁၂) ရက်နေ့၊ ည (၇:၀၀) အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းတံတား အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆက်လက်ဖော်ပြသည်။
ရခိုင်လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသော မြန်မာ့စစ်ကောင်စီတပ်သည် လူနေရပ်ကွက် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၆:၀၀) အချိန်ခန့်တွင် စစ်တွေမြို့ရှိ မြို့မဈေးကြီးဆိပ်ကမ်းတွင် ရပ်နား ထားသော ဘုတ်၊ စက်လှေနှင့် သမ္ဗာန်ငယ်များအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် (၆) ဦးခန့်မှ လာရောက်ကာ သေနတ်များ ဖြင့် တမင်တကာခြောက်လှန့်ပစ်ခတ်ခဲ့သည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း
“တောဟိန်းတောင်တပ်စခန်း”
မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တမင်တကာပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် (၅၄) နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသား (၁) ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။
၎င်းပြင် နေ့လယ် ၁
နာရီ အချိန်ခန့်တွင်လည်း ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ပါဒလိတ်အခြေစိုက် (၃၄၄) တပ်ရင်းမှ အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ပေါက်တောမြို့နယ်တွင်လည်း ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော စစ်ကောင်စီ၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ ၅
နာရီ ကျော်အချိန်ခန့်တွင် ရည်ရွယ်ချက်ရှိရှိဦးတည်၍ တမင်တကာ ရမ်းကားပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ နေအိမ် (၂) လုံး ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။
စစ်မြေပြင်ရှိ ရင်ဆိုင်တိုက်ပွဲများတွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို သာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ရက်ဆက်ဆိုသလို လုပ်ဆောင်လာသည့်အတွက် ဒီဇင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင်ပင် စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေ များမှ အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဆိုသည်။