သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၁ ဒသမ ၆ သန်းခန့်ရှိဟု UNOCHA ထုတ်ပြန်


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 927

စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားနေသည့်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့်နေရပ်စွန့်ခွာထွက်ပြေးကြရသူမှာ ၁ ဒသမ ၆ သန်းခန့်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar)ကထုတ်ပြန်လိုက်သည်။


စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာခဲ့ရာ ယင်းအထဲမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA-Myanmar ၏ ဩဂုတ်လ ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"
ဖြစ်ပွားဆဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ စဉ်ဆက်မပြတ်ဖြစ်နေသလို လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆက်လက်မြင့်တက်နေပါတယ်"ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်မှစ၍ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်တပ်က ဝင်ရောက်ခဲ့မှုများကြောင့် ကျေးရွာသား ၅၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ဇူလိုင်လနှောင်းပိုင်းမှစတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် လူ ၉,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် လက်နက်ကြီးနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရခေါင်းဆောင်များနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထောင်ချခဲ့သည့် အာဏာသိမ်းစစ်တပ်သည် တည်ငြိမ်မှုမရှိဟုဆိုကာ လေးကြိမ်မြောက်အဖြစ် နောက်ထပ် အရေးပေါ်ကာလကို ၆ လ ထပ်တိုးယူထားသည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ပဋိပက္ခများကြောင့် လူတစ်သန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ကြရပြီး ကလေးငယ် ငါးသိန်းကျော်သည် လူသားချင်းစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်ဟု သိရသည်။

ဓာတ်ပုံ - သြဂုတ်လ ၉ ရက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာအချို့သို့ စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးနေရသည့်ဒေသခံများအား တွေ့ရစဉ်။ (Photo - ခင်ဦးသတင်းမှန် ပြန်ကြားရေး)

 

 

ဆက်စပ် သတင်းများ