သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၂ သန်းနီးပါးအတွက် အကူအညီများလိုအပ်နေဟု UN-OCHA ထုတ်ပြန်


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

မြန်မာနိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၂ သန်းနီးပါးအတွက်အမိုးအကာ၊ ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UN-OCHA)က ယနေ့တွင်ထုတ်ပြန်ထားသည်။

ယနေ့ထုတ်ပြန်သည့် ကိန်းကဏန်းများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်အထိ ကုလသမဂ္ဂက နောက်ဆုံး ကောက်ခံရယူထားသည့် စာရင်းဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် မလုံခြုံသည့်အတွက် နေရပ်စွန့်ခွာသူများဖြစ်သည်ဟု ဆိုသည်။

 

ဒီလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုး အကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုကူညီရေး အကူအညီတွေ လိုအပ်နေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ နိုင်ငံအရှေ့တောင်ဘက်တွင် လူဦးရေ ၄၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတွင်လည်း စက်တင်ဘာလနှောင်းပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်သည့် UN-OCHA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လွန်ခဲ့သည့်အပတ်က ပဲခူးမြို့နယ်အတွင်း ရေကြီးမှုနှင့် မိုးသည်းထန်မှုကြောင့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်က မြေပြိုကျပြီး ကားလမ်းပျက်စီးခဲ့သည့်အတွက် အကူအညီပေးရေးပစ္စည်းများ သယ်ယူမှု နှောင့်နှေးခဲ့ရသည့် အခက်အခဲများရှိခဲ့သော်လည်း လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို ယခုနှစ် ပထမနှစ်ဝက်တွင် အကူအညီများ ပေးနိုင်ခဲ့သည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Photo - UN-OCHA Myanmar

 

ဆက်စပ် သတင်းများ