ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

မောင်တောတွင် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 627

နောင်မင်းသူ၊ နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့၊ ၄ မိုင်မှ အသက် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

သတ်ဖြတ်ခံရသူမှာ ၄ မိုင်မှ ဒုမူပြကျောင်းဆရာမ ဒေါ်စန္ဒာဝင်း၏ သားကြီးဖြစ်သည်။

သူတို့မိသားစုသည် စစ်ဘေးရှောင်နေခဲ့ရာမှ ၄ မိုင်တပ်ဦးဘုန်းတော်ကြီးကျောင်းအနီးရှိ သူတို့နေအိမ်သို့ မကြာသေးခင်က ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်တွင် ၎င်းလူငယ်ဟယ ငါးသွားမျှားမည်ဟုပြောဆိုထွက်သွားရာ ပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ နခခ(၂) ရှေ့ရှိ ၄ မိုင်မွတ်ဆလင်ကျေးရွာအတွင်း နေအိမ်တစ်လုံးရှေ့၌ သတ်ဖြတ်ခံထားရသည့် သူ၏အလောင်းကို ဒေသခံများက ရှာတွေ့ခဲ့ကြသည်ဟု သိရသည်။

ဦးခေါင်းအား တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာ(၁)ချက်နှင့် ညာဖက်ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ (၁)ချက်တို့ပါရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်အထိ ပြစ်မှုကျူးလွန်သူကို ရှာမတွေ့သေး၍ အာရက္ခတပ်တော်(AA)က စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။

"ဒီနေ့အထိတော့ တရားခံကိုဖမ်းဆီးရမိတာ မကြားမိသေးဘူး။ AA ဖက်ကတော့ လိုက်ရှာပြီး စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရတယ်"ဟု ၄ မိုင်ဒေသခံလူကြီးတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူကလေးသည် နေ့တိုင်းငါးသွားမျှားတတ်သည်ဟု ဒေသခံများက ပြောသည်။

ကလေးငယ်အား သတ်ဖြတ်သွားသူမှာ မောင်တောဖက်ကထွက်ပြေးလာကြသည့် ၄ မိုင်ဒေသခံ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် မွတ်ဆလင်လက်နက်ကိုင်များဖြစ်နိုင်ကြောင်း ဒေသခံ တစ်ဦးက သုံးသပ်ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိပါ။  

"၄ မိုင် ရွာကလည်း စစ်တပ်က စစ်မှုထမ်းဖို့ခေါ်သွားတဲ့ မွတ်ဆလင်လူငယ်တွေ ရှိတယ်။ ပြီးခဲ့တဲ့ တစ်နေ့ကလည်း ၃ မိုင် သီဟိုလ်အေးကျေးရွာက လက်နက်မဲ့ထွက်ပြေးလာတဲ့ မွတ်ဆလင်စစ်သားတစ်ဦးကို မကျည်းကုန်းရွာသားတွေ ဖမ်းဆီးရမိခဲ့တယ် "ဟု ပြောဆိုသည်။

သီဟိုလ်အေးကျေးရွာသည် ၄ မိုင်ရပ်ကွက်နောက်တွင်ရှိသည့် မြိုလူမျိုးများနေထိုင်ခဲ့ကြသည့် ရွာဟောင်းတစ်ခုဖြစ်သည်။

တိုက်ပွဲကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရပြီး လက်ရှိအချိန်အထိ လူနေထိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၄ မိုင်ရပ်ကွက်ရှိ မွတ်ဆလင်၊ ဟိန္ဒူနှင့် ရခိုင်တို့အများစုမှာလည်း လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရပြီး မိသားစုအနည်းအကျဥ်းသာ ပြန်လည် ဝင်ရောက် နေထိုင်နေကြသည်ဟု သိရသည်။

ဓာတ်ပုံ - မောင်တောတိုက်ပွဲကာလအတွင်း မြို့လယ်တစ်နေရာအား တွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ