ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မောင်တောနယ်စပ်တွင် အကောက်ခွန်မဲ့ဟုဆိုကာ ကွမ်းသီးများကိုပါ စစ်ကောင်စီဖမ်းဆီးလာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 903

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ်တွင် အကောက်ခွန်မဲ့ဟုဆိုကာ ကွမ်းသီးများကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုများရှိလာနေကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ဇင်ပိုင်ညာရွာအနီးချောင်းစပ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်မည့် အကောက်ခွန်မဲ့ ကွမ်းသီးအိတ်များနှင့်အတူ အမျိုးသား ၄ ဦးကိုအောက်တိုဘာလ ၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာတစ်ခုဖြစ်သော ရခိုင်နေ့စဉ်တွင်ဖော်ပြထားသည်။

ကျပ်သိန်း ၁၅၀ တန်ဖိုးရှိသည့် ကွမ်းသီးအိတ် ၁၀၀ ကို လောင်းလှေ ၄ စီးဖြင့်တင်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွမ်းသီးအိတ်များနှင့်အတူ ဖမ်းမိသူများကို ပြင်ဖြူနယ်မြေရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ယခုလိုဖမ်းဆီးခံရခြင်းမှာ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင်လမ်းကြောင်းဖြင့်ပို့မည်ဆိုပါက စစ်ကောင်စီထံတွင်အထောက်အထားပြုလုပ်ရခြင်းနှင့် ဘင်္ဂလားအစိုးရထံ အခွန်များပေးဆောင်ရသည့်အတွက် တွက်ခြေမကိုက်ဖြစ်ရာမှ တရားမဝင်ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု မောင်တောမြို့နယ်မှ နယ်စပ်ကုန်သယ်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"ဘင်္ဂလားဒေ့ရှ်က အခွန်ကောက်တာများတော့ လူတွေက တရားဝင်မပို့ဘူး။ မှောင်ခိုလမ်းနဲ့ပို့တာများလို့ ဒီအစိုးရက လိုက်ဖမ်းတာ။ တရားဝင်ပို့မယ်ဆိုရင် ဈေးမကိုက်ဘူး" ဟုပြောသည်။

မောင်တောနယ်စပ်တွင် ကွမ်းသီးများဖမ်းမိမှုဖြစ်စဉ်အချို့တွင်လည်း သက်ဆိုင်ရာက ကွမ်းသီးများကို သိမ်းဆည်းပြီး လူကို ပြန်လွှတ်ပေးသည့်ဖြစ်စဉ်များလည်; ရှိသည်ဟု ဒေသခံများက ပြောသည်။

ဘင်္ဂလား‌‌ဒေ့ရှ်တွင် ကွမ်းသီးတစ်ကီလိုကို ဘင်္ဂလား‌‌ဒေ့ရှ်ငွေ တာကာ ၃၇၀ (မြန်မာ‌ငွေ ၁၆၀၀၀ ခန့်)ရရှိသည်ဟု မောင်တောကုန်သည်များက ပြောသည်။

လက်ရှိ ရခိုင်တွင် ကွမ်းသီးတစ်ပိဿာ၏စျေးနှုန်းမှာ ငွေကျပ် ၇၅၀၀ ရှိပြီး ဘင်္ဂလား‌ဒေ့ရှ်သို့တင်ပို့ပါက ငွေကျပ် ၁၆၀၀၀ အထိ စျေးကောင်းရရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ