- Web Master
- ၀၄ ဇန်နဝါရီ ၂၀၂၄
ရက္ခိုင့်တပ်တော်၏ (၃)လတာ စစ်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူး အဆင့် ၂ ဦးအား အရှင်ဖမ်းမိပြီး ၂ ဦးအား အသေ ဖမ်းမိကြောင်း၊ ကျန်တစ်ဦးမှာ သေ/ရှင်မသိရဘဲ ပျောက်ဆုံး နေကြောင်း ရက္ခိုင့်တပ်တော် (AA)က ဖော်ဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။
အသက်မသေဘဲ ဖမ်းမိသူ နှစ်ဦးမှာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းနှင့် ကျောက်တော် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်တို့ ဖြစ်ကြသည်။
“ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်း အားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာ ရရှိထား၍ သေလုမျောပါး ဖြစ်နေပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ပြီး ယခုအချိန်တွင် မိမိတို့ဆေးတပ်ဖွဲ့ဝင်များကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အသက်ဘေးမှ နောက်ထပ် ကင်းလွတ်ခဲသူ နောက်တစ်ဦးမှာ စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ဖြစ်ပြီး ၎င်းအား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့နှင့်အတူ AA မှ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း အသေဖမ်းမိသည့် စစ်ကောင်စီ ဗိုလ်မှူးကြီး အဆင်ရှိ ၂ ဦးမှာ မြောက်ဦးမှ တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ကြည်း/ ၃၁၅၁၄ နှင့် ပလက်၀မြို့နယ် နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ တို့ဖြစ်ကြသည်။
ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့် သတင်းတွင် “ မိမိတို့အနေဖြင့် ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သော တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း/ ၃၁၅၁၄ ဖြစ်ကြောင်း၊ တပ်မ (၁၁) တပ်မမှူးအား မိမိတို့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။
ပလက်၀မြို့နယ် နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး
ဗညားပိုင်စိုးအား ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်များအတွင်း ဒီဇင်ဘာလဒုတိယအပတ်
တိုက်ပွဲ ကာလတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။
နောက်ထပ် ပျောက်ဆုံးနေသူ တစ်ဦးမှာ
ပလက်ဝဒေသအခြေစိုက်၊
အခြားသော ရှေ့တန်းဌာနချုပ် တစ်ခုဖြစ်သော စကစ (၁၉)၊
ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊
ကြည်း/၂၇၉၆၇ ဖြစ်သည်။
၎င်းနှင့် ပတ်သက်ပြီး ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကို လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးဟု ထုတ်ပြန်ချက်တွင် ဖော်သည်။
၎င်း တပ်မမှူး၊ ဗျူဟာမှူးအဆင့်များအား ဖမ်းမိခြင်းမှာ တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သုံးလပြည့်အတွင်းတွင် ဖြစ်သည်။
စစ်ပွဲ သုံးလကျော်ကာလ
အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင်
ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား
နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို
ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ
သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။