သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရေဘေးသင့်မြန်မာပြည်သူများအတွက် အိန္ဒိယအစိုးရက ရိက္ခာခြောက်၊ အဝတ်အထည်နှင့် ဆေးဝါးများထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 261

လူထက်နိုင်(ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄

ရေဘေးသင့်မြန်မာပြည်သူများအတွက် အိန္ဒိယအစိုးရက ရိက္ခာခြောက်၊ အဝတ်အထည်နှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးပစ္စည်းများကို ထောက်ပံ့လိုက်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများသည် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်၊ ညနေတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။

ထိုပစ္စည်းများတွင် ခြင်ထောင်အလုံး ၁၀၀၀၊ အသင့်စား အစားအစာထုပ် MRE အထုတ် ၃၀၀၀၊ မီးဖိုချောင်သုံးပစ္စည်းအစုံ ၅၀၀၊ ဆိုလာမီးအိမ် ၁၀၀၀ ခန့်၊ မီးစက်နှစ်လုံး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပိုးသတ်ဆေး၊ Bleaching powder နှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၃၀ ကျော် ပါရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရက မြန်မာအပါအဝင် ရာဂိမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် နိုင်ငံများကို အကူအညီများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr S. Jaishankar ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် Operation Sadbhav အစီအစဉ်ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်လိုက်ပြီး ဒီအစီအစဉ်ဟာ အိန္ဒိယရဲ့ အရှေ့ပိုင်းဒေသကို ဦးတည်ဆောင်ရွက်ခြင်း "Act East" ပေါ်လစီနဲ့အညီ အာဆီယံအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဖြစ်တယ်” ဟု ဆိုထားသည်။

နေပြည်တော်လေဆိပ်တွင် ယမန်နေ့ညနေကပြုလုပ်ခဲ့သည့် အဆိုပါပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Shri Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ပြီး လွှဲပြောင်းပေးအပ်ရယူခဲ့ကြသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုကိုဖြစ်ပေါ်စေခဲ့သည်။

နေပြည်တော်နှင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ ခန့်တွင်ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်ပြီး အများအပြား ပျောက်ဆုံးကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့သည်ဟုလည်း UNOCHA က ဆိုသည်။

စစ်ကောင်စီကမူ ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် အာဆီယံသဘာဝ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre)က ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇၁၄၈ ဒသမ ၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မိသားစုသုံး မိုးကာတဲ များ၊ တာပေါ်လင်၊ Shelter Repair Kit ၊ ရေသန့်စက်များနှင့် အခြား အရေးပေါ်သုံးပစ္စည်းများ ပါဝင်သော စုစုပေါင်းအလေးချိန် ၅၉၃၆၀ ကီလိုဂရမ်ရှိ ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့ဖြင့် သယ်ဆောင်လျက်ရှိရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဆိုက်ရောက်ခဲ့ပြီဟု သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး

ဆက်စပ် သတင်းများ