သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် မြန်မာသတင်းသမားများအားလုံးကို လွှတ်ပေးရန် နိုင်ငံတကာသံရုံးများ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၂ / ၂ဝ၂၁
မြန်မာနိုင်ငံတွင် လက်ရှိ ဖမ်းဆီးခံထားရသည့် သတင်းသမားများအားလုံးကို လွှတ်ပေးရန် နိုင်ငံတကာသံရုံးများက တောင်းဆိုလိုက်ကြသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်တွင်ကျရောက်သော သတင်းထောက်များအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့တွင် ယခုကဲ့သို့ တောင်းဆိုကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ထုတ်ပြန်တောင်းဆိုချက်တွင် မြန်မာသတင်းသမားများသည် ၄င်းတို့၏အလုပ်ကို ရိုးရှင်းစွာထမ်းဆောင်ရုံမျှဖြင့် တရားစွဲဆိုခြင်း၊ ထောင်ချခြင်းနှင့် ညှင်းပန်း နှိပ်စက်ခြင်းအန္တရာယ်များနှင့် ကြုံတွေ့ရလျက်ရှိသည်ဟု ဆိုထားသည်။
“မတရားဖမ်းဆီးခံထားရသော သတင်းသမားအားလုံးကို လွှတ်ပေးရန်နှင့် သတင်းသမားများသည် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှုမရှိဘဲ လုပ်ဆောင်ခွင့်ပြုရန် ယူကေအစိုးရက တောင်းဆိုသည်”ဟုလည်း ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးကလည်း မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့အစည်းများ၊ သတင်းသမားများ၏ဆိုးရွားသည့် အခြေအနေများအပေါ် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။
“သတင်းသမားတွေနဲ့ မီဒီယာဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကိုလည်း ရှုတ်ချလိုပါတယ်။ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့ အပါအဝင် လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကိုလည်း အပြည့်အဝ လိုက်နာဖို့ ဆက်လက် တောင်းဆိုလိုပါတယ်”ဟု ဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက် နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၀၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၆၆ ဦး ပြန်လည်လွတ်မြောက်ကာ ၃၅ ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု Myanmar Press Freedom In-Depth အဖွဲ့၏စာရင်းအရ သိရသည်။
ယူနက်စကို မြန်မာရုံးမှ ဌာနေကိုယ်စားလှယ် Mr. Ichiro Miyazawa က “သတင်းထောက်များ၊ မီဒီယာသမားများအား ခုခံကာကွယ်ပေးရန် တာဝန်၊ အာဏာနှင့် ရင်းမြစ်များပိုင်ဆိုင်သည့် အစိုးရတာဝန်ရှိသူများတွင်ရှိပါတယ်”ဟု ပြောသည်။
ယင်းအပြင် လက်ရှိတွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကသတင်းမီဒီယာလုပ်ငန်း (၉)ခုလည်း သတင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ပိတ်သိမ်းခံထားရသည်ဟု Myanmar Press Freedom In-Depth အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ပိတ်သိမ်းခံထားရသည့် ပုဂ္ဂလိကသတင်းမီဒီယာလုပ်ငန်း (၉)ခုမှာ ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ်သတင်းဌာန၊ ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency၊ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်၊ The 74 Media နှင့် Delta News Agency တို့ဖြစ်ကြသည်။
နိုဝင်ဘာလ ၂ ရက်နေ့ကို သတင်းထောက်များအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့အဖြစ် ၂ဝ၁၃ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ထားခြင်းဖြစ်သည်။
သတင်းထောက်များနှင့် မီဒီယာသမားများအပေါ်ကျူးလွန်သော အကြမ်းဖက်ပြစ်မှုများအတွက် စီရင်ချက်များသည် ကမ္ဘာတွင် အရေအတွက် နည်းပါးလာကြောင်းကို အာရုံစိုက်လာစေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဖေဖော်ဝါရီလ ၁၈ ရက်က ရန်ကုန်မြို့ ဆန္ဒပြပွဲသတင်းကို ရယူရန်စောင့်ဆိုင်းနေသည့်သတင်းထောက်များအားတွေ့ရစဉ်။ Photo - (EPA-EFE / LYNN BO BO)


ဆက်စပ် သတင်းများ