- Web Master
- ၂၄ ဇန်နဝါရီ ၂၀၂၄
အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုမှာ သိသိကြီးဖြင့် လူအခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း ရခိုင်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အရပ်ဘက်အဖွဲ့အစည်း ၁ဝ၅ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် အစိုးရမှ အင်တာနက် ဖြတ်တောက်မှုကြောင့် ပြည်သူလူထု အခွင့်အရေး ဆုံးရှုံးနေမှုနှင့် ပတ်သက်၍ ယနေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။
၎င်းက "အင်တာနက်ဖြတ်တောက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ သတင်းအချက်အလက်ရယူပိုင်ခွင့်ကိုပိတ်ပင်တာက လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ အဲဒါကို အစိုးရအနေဖြင့်လည်း သိတယ်။ သိသိကြီးနဲ့ ထပ်ပြီးတော့ ပိတ်တယ်ဆိုတော့ အစိုးရကိုယ်၌က လူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်တယ်။ ဒါကို နိုင်ငံတကာကိုလည်း ဝန်ခံရာရောက်တယ်” ဟု ဦးခိုင်ကောင်းစံက ပြောဆိုသည်။
သဘောထားထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များဖြစ်သော မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် မြို့နယ်များတွင် ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ အင်တာနက် ဖြတ်တောက်ခဲ့သည်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဆိုလျှင် ရက်ပေါင်း (၂၄၂) ရက်တိတိ ကြာမြှင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုနည်းတူ ကျန်မြို့နယ်များ ဖြစ်ကြသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၁ ရက် နေ့တွင် အင်တာနက်လိုင်းများ ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အစိုးရမှ ပြန်လည်ဖြတ်တောက်ခဲ့ကြောင်း၊ ဤအင်တာနက် ဖြတ်တောက်မှုသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှု တစ်ခု ပင် ဖြစ်ပါကြောင်း ဖော်ပြထားသည်။
လက်ရှိ အင်တာနက် ဖြတ်တောက်ထားသည့် မြို့နယ်များမှာ လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားရာ ဒေသများ ဖြစ်သည့် အတွက် ထိုသို့ အင်တာနက် ဖြတ်တောက်ခြင်းသည် ဒေသခံပြည်သူလူထု၏ လုံခြုံရေးကို စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် ခြိမ်းခြောက်လျှက် ရှိနေကြောင်း ဖော်ပြထားသည်။
"အင်တာနက်ပိတ်ဆို့မှုဟာ ဒုတိယအကြိမ်ဖြစ်တယ်။ အဲဒီတော့ ဒီလိုပိတ်ဆို့မှုကြောင့် ကျနော်တို့ ရခိုင်ဒေသမှာ စီးပွားရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေကို ရခိုင်တွေခံစားနေရတယ်။ အဲဒါကြောင့် ဒီအင်တာနက်ဖြတ်တောက်မှုကို အစိုးရအနေနဲ့ ပြန်ဖွင့် ပေးဖို့တောင်းဆိုတယ်"ဟု ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆက်လက် ပြောဆိုသည်။
တောင်းဆိုသည့်အဖွဲ့အစည်း (၁ဝ၅) ခုထဲတွင် ရခိုင်ပြည်နယ် အခြေစိုက် အဖွဲ့အစည်းများသာမ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်သည်။
ရခိုင်ပြည်တွင် အင်တာနက်ဖြတ်တောက်ထားခြင်းဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်၍ မရနိုင်ကြောင်း၊ အင်တာနက်ပြန်လည်ဖွင့်ပေးပြီး အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် ငြိမ်းချမ်းရေး စကားဝိုင်း ဖော်ဆောင်ကာ သဘောထားကြီးစွာဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ရပ်တန့်ရန်လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
------------------------------
Unicode:
နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၁၇ / ၂ဝ၂ဝ