ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

အမ်း နပခကို စစ်ကူအင်အားရာနှင့်ချီပြီး လေယာဉ်ဖြင့် စစ်ကောင်စီပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

(လေထီးများဖြင့်လည်း လက်နက်နှင့် ရိက္ခာများချပေး)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၈/ ၂၀၂၄

တိုက်ပွဲ ပြင်းထန်နေသည့် အမ်းမြို့တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လေယာဉ်ကွင်း အနီး ဝန်းကျင်းကို ဗုံးကြဲတိုက်ခိုက်ပြီး ပို့ဆောင်ရေး လေယာဉ်များဆင်းသက်ကာ စစ်ကူအင်အား ရာနှင့်ချီပြီး  ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပြင် Y-12  လေထီးများဖြင့်လည်း လက်နက်နဲ့ ရိက္ခာအထုပ်ပေါင်း  ၁၀၀ ကျော်ကို ချပေးခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောသည်။ 

အမ်းဒေသခံ သတင်းရင်းမြစ်တစ်ခုက “ ဒီနေ့ လေယာဉ်ကွင်းပတ်ဝန်းကျင်ကို ဗုံးတွေ အကြီးအကျယ် ချပါတယ်။ အဲဒါပီးတာနဲ့ ပို့ဆောင်ရေးလေယာဉ် လေးငါးစင်းခန့် လေယာဉ်ကွင်းမှာ ကျပါတယ်။ စစ်သားတွေ အများအပြားကို စစ်ကူပို့တာပါ။ အင်အားက ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။

၎င်းစစ်ကူများကို အမ်းမြို့ ၊အမ်း‌ တောင်အုပ်စုရှိ အမှတ် (၇၅၇ ) အလုပ်ရုံတပ်ခွဲ (လျှပ်စစ်တပ်) ထဲကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပို့ဆောင်ခဲ့ပြီး ၎င်းတပ်ကတစ်ဆင့် နပခ ဌာနချုပ်ထဲကို ထပ်မံ အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

လေယာဉ် (၅)စီးဖြင့် စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကူလာဖြည့်ခဲ့သည်ဟု ဒေသခံများက ပြောဆို သော်လည်း အရေအတွက်ကို  နိရဉ္စရာ သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ယင်းအပြင် ယနေ့  မွန်းလွဲ ၂နာရီခွဲခန့်ကလည်း  စစ်သုံး Y-12 လေယာဉ်မှတဆင့် လေထီးများဖြင့် ရိက္ခာ အထုပ်ပေါင်း ၁၀၀ ကျော်ခန့် ချပေးခဲ့သည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ဘယ်ကိုချလဲတော့မသိဘူး။  မြို့ကနေမြင်ရတာ တစ်ခါချရင် ၁၀ထုပ်လောက်ချပေးတယ်။ အထုပ် ၁၀၀ ကျော်လောာက်ခန့်မှန်းရတယ်" ဟုပြောသည် ။

ယနေ့ညနေ ၇ ကျော်ခန့်မှစ၍ အမ်းမြို့တွင် စစ်ကားများကင်းလှည့်သွားလာခြင်း၊ စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်ခြင်း များပြုလုပ်ထားကြောင်း ဒေသခံများက ပြောသည်။

မြို့ခံတစ်ဦးက " စစ်ကားတွေသွားနေတယ်။ အသံတွေကြားနေရတယ်။ ဘယ်နှစ်စီးမှန်းတော့ မသိဘူး။ မြို့ထဲမှာလည်း ကင်းပုန်းဝပ်နေကြတယ် " ဟု ပြောသည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ တစ်ရက်လုံး လေယာဉ်ကွင်းရပ်ကွက်နှင့် တဖက်တကမ်းရှိ COD တပ်ရင်းဖက်မှ လက်နက်ပစ်ခတ်သံများ တစ် ရက်လုံးကြားနေရကြောင်း မြို့ခံများက ပြောသည်။

အမ်းသို့ အင်အားလာဖြည့်တင်းရာတွင် ပြည့်သူ့စစ် သင်တန်းဆင်း စစ်သားများနှင့် စစ်ကောင်စီ တပ်သားများမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မ (၅၅ ) ၊ မကွေးတိုင်းဒေသကြီး ခြေမြန် တပ်မဌာနချုပ် တပ်မ ( ၈၈ ) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ( ၉၉) တို့ ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

ဆက်စပ် သတင်းများ