ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသား ၃၈ ဦးကို နေရပ်ပြန်ပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 519

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၂/၂၀၂၄

မဏိပူရ် အစိုးရသည် အိန္ဒိယ ဗဟိုအစိုးရနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသား ၃၈ ဦးကို နေရပ် ပြန်ပို့ ပေးလိုက်ကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဗီရမ် ဆင်းကပြောကြားသည်။

"ဒီနေ့(ဇွန်လ ၁၁ရက်) မှာ   မဏိပူရ် အစိုးရက မြန်မာနိုင်ငံသား ၃၈ ဦးကို ၎င်းတို့ရဲ့ မွေးရပ်နိုင်ငံ မြန်မာနိုင်ငံ ဆီ ပြန်ပို့ပေးလိုက်ပါပြီ" ဟုဝန်ကြီးချုပ် ဗီရမ်ဆင်းကပြောဆိုသည်။

အိန္ဒိယအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးအရာရှိများက ၎င်းတို့အား မိုရေးမြို့ရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်မှ တစ်ဆင့် မြန်မာအာဏာပိုင်များထံ ဘေးကင်းလုံခြုံစွာဖြင့် လွှဲပြောင်း ပေးအပ်ခဲ့သည်ဟုဝန်ကြီးချုပ်ကဆိုသည်။

မဏိပူရ် ပြည်နယ်အစိုးရသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်သည့် လုပ်ငန်းစဥ်အား ဆက်လက်လုပ်ဆောင်နေပြီး ၎င်းတို့အား နေရပ်ပြန်ပို့ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

"ဒေသခံ ဌာနတိုင်းရင်းသားတွေရဲ့အရေး နဲ့ နိုင်ငံတော် လုံခြုံရေး တို့အတွက် ရွှေ့ပြောင်း အခြေချလာသူများကို နေရပ်ပြန်ပို့တဲ့  လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ နယ်နိမိတ်တွေကို လုံခြုံအောင် ထိန်းသိမ်းရမှာပါ"ဟု ၀န်ကြီးချုပ်ကဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ အများအပြားသည် မဏိပူရသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင်စစ်ကောင်စီနှင့် တော်လှန်ရေး
တပ်ဖွဲ့၀င်များအကြားဖြစ်ပွားနေသည့်  တိုက်ပွဲများကြောင့် အရပ်သား ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ အိန္ဒိယနိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော်ပြီး ထွက်ပြေးရမှု အမြောက်အမြား ရှိနေကြောင်းသိရသည်။

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ ၊ မဏိပူရ ပြည်နယ်၊ ကမ်ဂျောင် ခရိုင်တွင် မြန်မာနိုင်ငံမှ အိုးအိမ် စွန့်ခွာထွက်ပြေးလာသူ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ (၅၈၀၁)ဦးခန့်ရှိနေသည်။
 
ယခုအခါမြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများပိုမို ပြင်းထန်လာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူများလည်း စံချိန်တင်မြင့်တက်လာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဇွန် လ ၁၀ ရက်ကသတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနှံ့အပြားတွင်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေသည်စုစု ပေါင်း (၃) သန်း ကျော်ထိ ရှိလာနေပြီး၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ သို့ ထွက်ပြေးခိုလှုံနေရသူ ၆ သောင်း၀န်းကျင်ရှိနေသည်ဟု (UNOCHA)က ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

(ပုံစာ/အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအရာရှိများကမြန်မာနိုင်ငံသား ၃၈ ဦးကို မိုရေးမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်  မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနေစဥ်)

Source/The Economic Times (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ