သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မဲဆောက်ဖြစ်စဉ်၊ ထိုင်းစစ်တပ်၊ ထိုင်း ဥပဒေ နဲ့ မြန်မာဒုက္ခသည်များ.......


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ (ဆောင်းပါး)၊ မတ် ၂၉၊  ၂၀၂၃

ပြီးခဲ့တဲ့ရက်အတွင်းက မြဝတီမှာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွါးခဲ့တယ်။ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် နဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်က သင်္ကန်းညီနောင်အပါအဝင်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး အစရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တယ်။

ခုချိန်ထိလည်း ထိုင်း-မြန်မာ အဓိက ဆက်သွယ်ရေး အာရှလမ်းမကြီးကို ပိတ်ထားရဆဲဖြစ်တယ်။ အထူးသဖြင့် မြဝတီကုန်သွယ်ရေး ဇုန်မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဟာ မြန်မာဘက်မှာ အခြေအနေဘယ်လောက်ထိ ဆိုးဝါးနေလဲဆိုတာ ပြနေတယ်။

အဲဒီနေ့က တိုက်ပွဲတွေကြောင့် မကြာမီကမှ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို ခဏ ပြန်ပိတ်ထားလိုက်ရတယ်။ တကယ်တော့ မြဝတီကုန်သွယ်ရေးဇုန်ဟာ ထိုင်းဘက်ခြမ်း မဲဆောက်ကနေ (၁၂)မိုင်လောက်ပဲဝေးတာပါ။

ပစ်ခတ်မှုတွေ ဖြစ်ပွါးတော့ တာ့ခ် ပြည်နယ် အုပ်ချုပ်ရေးအဖွဲဟာ မဲဆောက်ခရိုင်မှာရှိတဲ့ နယ်စပ်ဂိတ်ကို ချက်ချင်းပိတ်ထားဖို့ ညွှန်ကြားခဲ့ရတယ်။ ရလဒ်အနေနဲ့က ထိုင်း-မြန်မာ ကုန်သွယ်ရေးယာယီ ရပ်ဆိုင်းသွားရတာပါ။ ဒါဟာ ထိုင်းတွေအတွက် အတော်နစ်နာပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး(မတ်လ-၂၃)ရက်က ထိုင်းစစ်သားတွေဟာ မဲဆောက်မှာရှိတဲ့ လေးထပ်တိုက်တစ်ခုကို ဝင်စီးခဲ့ကြတယ်။ အဲဒီမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို စစ်ယူနီဖောင်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း လက်ပတ်တွေ၊ ဒရုန်းတွေ၊ ဆေးပစ္စည်းတွေနဲ့ ကျည်ဆံတွေကိုပါ ဖမ်းမိခဲ့တယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသား (၅၃)ဦး နဲ့ အမျိုးသမီး(၄၀)ဦးအပါအဝင် ကလေးသူငယ်တချို့လည်း ပါဝင်ပြီး သူတို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူထားတယ်။

ထိုင်းအရာရှိတချို့ရဲ့အဆိုအရ ဖမ်းမိသူတွေထဲက တချို့ဟာ စစ်ကောင်စီက အလိုရှိနေသူစာရင်းမှာ ပါဝင်နေတယ်လို့ဆိုတယ်။ အခု သူတို့အားလုံးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ မြဝတီနယ်စပ် နဲ့ ဆယ်မိုင်ကျော်သာ ကွာဝေးတဲ့ မဲဆောက်ခရိုင်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာဘက်က အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာကြသူတွေရဲ့ ခိုလှုံရာအရပ် ဖြစ်လာခဲ့တယ်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီးမှာ မဲဆောက်ဟာ နိုင်ငံတကာအကူအညီနဲ့ မြန်မာအစိုးရကို ခုခံတော်လှန်နေသူတွေရဲ့ အခြေစိုက်ရာဖြစ်လာတယ်လို့ မဲဆောက်ဒေသ လုံခြုံရေးတာဝန်ရှိသူတွေက ဆိုတယ်။

မဲဆောက်ဖမ်းဆီးမှုဖြစ်စဉ်ကို အကြောင်းပြုလို့ မြန်မာပြည်က ထွက်ပြေးလာကြပြီး ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ လာရောက်ခိုလှုံနေကြရသူတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ပို့စ်သတင်းစာက မတ်လ(၂၈)ရက်မှာ အယ်ဒီတာ့အာဘော် ဆောင်းပါးတစ်ပုဒ်ရေးပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီသာ အရေးယူဖို့၊ ထိုင်းစစ်တပ် နဲ့ ထိုင်းအာဏာပိုင်တွေဟာ ပြဌာန်းထားတဲ့ ထိုင်းဥပဒေကို လေးစားဖို့ တိုက်တွန်းထားတယ်။

တကယ်တော့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မျက်မြင်အရ အင်မတန်ရှုပ်ထွေးလှတယ်။ ရာဇဝတ်ဂိုဏ်းတွေဟာ နယ်စပ်တစ်လျှောက်မှာ နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင် တောရိုင်း တိရိစ္ဆာန် ရောင်းဝယ်ခြင်း ၊ လူမှောင်ခိုခြင်း စတာတွေကို နယ်စပ်တစ်လျှောက်မှာ လုပ်ကိုင်နေခဲ့ကြတယ်။

အခု ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာပဲ တရားစွဲဆိုပြီး သူတို့ကို ဥပဒေအရ ခုခံကာကွယ်ခွင့်ပေးဖို့၊ ထိုင်းအစိုးရအနေနဲ့ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ခွင့်မရှိသလို ပြန်ပို့လို့လည်း မရဘူးလို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။

ထိုင်းလုံခြုံရေးအရာရှိတွေအနေနဲ့ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ အဓမ္မ ဖျောက်ဖျက်ပစ်မှု နှိမ်နင်းရေး နဲ့ ကာကွယ်ရေး ဥပဒေ” ( Prevention and Suppression of Torture and Enforced Disappearance Act ) ကို လေးစားလိုက်နာရမယ်လို့ဆိုတယ်။ ဒီဥပဒေက ထိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၂)ကမှ အတည်ပြုပြဌာန်းခဲ့တာပါ။

 ဒီနှိပ်စက်ညှဉ်းပမ်းမှု တိုက်ဖျက်ရေးဥအဒေဟာ ထိုင်းနိုင်ငံက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နဲ့အညီ နှိပ်စက် ညှဉ်းပမ်းမှုဆန့်ကျင်ရေး သဘောတူညီချက်အရ ပြဌာန်းခဲ့တာဖြစ်တယ်။

ဒီဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သူ့မူရင်းနိုင်ငံမှာ နှိပ်စက်ညှဉ်းပမ်းခံရနိုင်တဲ့ အခြေအနေမျိုးမှာ တာဝန်ရှိသူတွေက အတင်းအကြပ် ပြန်ပို့ခွင့်မရှိပါဘူး။ ဒီဥပဒေကို ထိုင်းမှာ ပြဌာန်းလိုက်တာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်။

တာဝန်ရှိသူတွေ၊ ရဲတွေ၊ စစ်သားတွေဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ နဲ့ လုံခြုံရေးမူဝါဒကို အကြောင်းပြုလို့ သူတို့ကို ပြန်ပို့ခွင့်မရှိဘူးလို့ ဥပဒေမှာ ဖော်ပြထားတယ်။ မြန်မာစစ်ကောင်စီ နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိနေတဲ့ ထိုင်းအစိုးရဟာ ဒီဥပဒေ ပြဌာန်းထားတာကို မသိသလို လုပ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးသားတယ်။

ဒီဥပဒေ အတည်ပြု မပြဌာန်းမီ ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၀)က ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ချာလမ်ပိုလ် ဆရီဆဝတ် နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မြန်မာနိုင်ငံမှာ တွေ့ဆုံပြီး သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တာရှိပါတယ်။ အဲဒီအထဲမှာ မြန်မာဘက်က ထွက်ပြေးလာသူတွေကို ထိုင်းက ပြန်ပို့ပေးမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုလည်းပါတယ်။

နှစ်နိုင်ငံစစ်တပ်ကြားသဘောတူညီချက်ဟာ ထိုင်းဥပဒေသစ် နဲ့ ဝိရောဓိဖြစ်နေတယ်။ ထိုင်းအစိုးရ( အထူးသဖြင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန) အနေနဲ့ ခုချိန်ဟာ ဘေးအန္တရာယ်ကြုံနေရတဲ့ ဒုက္ခသည် ပြန်မပို့ရေး နဲ့ ပတ်သက်ပြီး အခြေအနေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုနေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တစ်နေ့တခြား နိုင်ငံရေးအခြေအနေတွေ ဆိုးရွားလာတာနဲ့အမျှ ထိုင်းအစိုးရအနေနဲ့ ပြည်တွင်းဥပဒေ နဲ့ လူသားချင်းစာနာထောက်ထားမှုအခြေခံကို ဆုပ်ကိုင်ထားဖို့ လိုကြောင်း နဲ့ နှစ်နိုင်ငံ စစ်တပ်ကြား ရင်းနှီးမှုကို အကြောင်းပြုလို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး နဲ့ နယ်စပ်မူဝါဒအတိုင်း လုပ်ဆောင်ဖို့ မလိုကြောင်း ဘန်ကောက်ပို့စ်ရဲ့ အယ်ဒီတာ့အာဘော်ကို ထပ်ဆင့်ဖောက်သည်ချ တင်ပြလိုက်ရပါတယ်။

NN-27

 

 

ဆက်စပ် သတင်းများ

နိုင်ဂျာက အာဏာသိမ်းပွဲ..။
  • Web Master
  • ၃၀ ဇူလိုင် ၂၀၂၃
နိုင်ဂျာက အာဏာသိမ်းပွဲ..။
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
  • Web Master
  • ၂၃ ဇူလိုင် ၂၀၂၃
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
ဆူဒန်က အာဏာလုပွဲ...။
  • Web Master
  • ၂၀ ဧပြီ ၂၀၂၃
ဆူဒန်က အာဏာလုပွဲ...။