သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

နိုင်ဂျာက အာဏာသိမ်းပွဲ..။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 645

နိရဉ္စရာ(နိုင်ငံတကာဘာသာပြန်ဆောင်းပါး) ဇူလိုင် ၃၀/ ၂၀၂၃

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ (ဇူလိုင်-၂၆)က အနောက်အာဖရိက နိုင်ဂျာမှာ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့တယ်။ ရွေးကောက်ခံ အရပ်သား အစိုးရသမ္မတ မိုဟာမက် ဘာဇွမ် Bazoum ကို သမ္မတ အစောင့်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်တစ်စုဟာ ရုပ်သံရှေ့ ထွက်ပြီး သူတို့အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းတရားဝင်ကြေညာတယ်။ အာဖရိကနိုင်ငံတစ်ခု ခုလိုအာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ သတင်းထူးတစ်ခုမဟုတ်တော့သလိုတောင် ဖြစ်နေပါပြီ။ မကြာခဏဆိုသလို အာဏာ သိမ်းပွဲတွေဖြစ်၊ အချင်းချင်းလည်း တိုက်ပွဲတွေဖြစ်နေတတ်တဲ့ အာဖရိကမှာ နိုက်ဂျာက အာဏာသိမ်းမှုဟာ သိပ်အထူးအဆန်းကြီး မဟုတ်ဘူးလို့ ဆိုရမယ်။

ခုလို ဖြစ်ပြီဆိုရင် ထုံးစံအတိုင်း ဆိုင်ရာနိုင်ငံကြီးတွေ၊ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂက ကြေညာချက်တွေထုတ်ကြ၊ ကန့်ကွက်ကြပေါ့။ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ပြင်သစ်က အာဏာသိမ်းမှုကို မထောက်ခံတဲ့အကြောင်း၊ လက်ရှိသမ္မတကိုပဲ ထောက်ခံကြောင်း ပြောသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း  အရင်သမ္မတကိုပဲ အသိအမှတ်ပြု ထောက်ခံကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဖမ်းဆီးခံသမ္မတကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တရားဝင်အစိုးရတစ်ခုကို အခြေခံဥပဒေနဲ့မညီညွတ်တဲ့လုပ်ရပ်တွေ မလုပ်ဖို့ ပြောကြတယ်။

ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေလို့ ပြောရမလိုတောင် ဖြစ်နေပြီ။ အာဖရိကနိုင်ငံတွေဟာ အာဏာသိမ်းမှုတွေနဲ့ ယဉ်ပါးနေတာကြာပါပြီ။

အခု နိုင်ဂျာမှာ အာဏာသိမ်းမှု တည်မြဲသွားရင် အာဖရိကအနောက်ဘက် အတ္တလန္တိတ်ကမ်းခြေကနေ ပင်လယ်နီအထိ အာဖရိက ခါးပတ် belt တစ်ခုလုံးဟာ စစ်အာဏာရှင်အောက်က နိုင်ငံတွေ ဖြစ်သွားတော့မယ်။ 


ခု နိုင်ဂျာမှာ အာဏာမသိမ်းခင် အိမ်နီးချင်း ဘူကီနာဖာဆို နဲ့ မာလီမှာ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ ဂီနီမှာ၊ ဂမ်ဘီယာမှာ၊ ချဒ်မှာ၊ဆူဒန်မှာ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ ၂၀၂၁ ခုနှစ် အတွင်း အာဖရိကမှာ အာဏာသိမ်းမှုခြောက်ကြိမ်ဖြစ်ခဲ့ရာမှာ လေးကြိမ်အောင်မြင်ခဲ့တယ်။

နိုင်ဂျာက အခုအာဏာသိမ်းမှုဟာ ပြင်သစ်ဆီက ၁၉၆၀ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ငါးကြိမ်မြောက်ဖြစ်တယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် အက်ဗဒူရာမာနီ ချီယာနီက တိုင်းပြည်မှာ လုံခြုံမှုမရှိဘူး။ စီးပွားရေးကျဆင်းနေပြီး အကျင့်ပျက် ခြစားမှုတွေ ထူပြောနေလို့ အာဏာသိမ်းရတာပါလို့ ဆိုတယ်။ အာဏာသိမ်းမှုကို ထောက်ခံတဲ့ပြည်သူတွေ ရှိသလို ကန့်ကွက်တဲ့ ပြည်သူတွေလည်း ရှိတယ်။

အာဏာသိမ်းပြီး နှစ်ရက်အကြာမှာတော့ စျေးတွေ၊ ကျောင်းတွေ ပြန်ဖွင့်ပြီး ပုံမှန်သွားလာနေကြတယ်လို့ သတင်းထဲမှာတွေ့ရတယ်။

ပြီးခဲ့တဲ့နှစ်က ဘူကီနာဖာဆို နဲ့ မာလီမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အဲဒီနိုင်ငံတွေက အနောက်အုပ်စုနိုင်ငံတွေကို ဆန့်ကျင်ပြီး ရုရှားနဲ့ ပိုပြီး နီးစပ်သွားကြတယ်။ အခု အာဏာသိမ်းမှုကို ရုရှားကြေးစားတပ် ဝဂ္ဂနာကလည်းထောက်ခံတယ်။

“ နိုင်ဂျာက အခုဖြစ်ရပ်ဟာ နိုင်ဂျာပြည်သူတွေရဲ့ သူတို့ ကိုလိုနီတွေအပေါ် ဆန့်ကျင်တော်လှန်မှုတစ်ခုထက် ပိုမထူးဆန်းပါဘူး”လို့ ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်က ဆိုတယ်။ ရုရှားကြေးစား ဝဂ္ဂနာတပ်တွေဟာ အလယ်အာဖရိကနဲ့ မာလီမှာ ထောင်နဲ့ချီရှိပြီး စီးပွားရေး လုပ်ငန်းနဲ့ အကျိုးစီးပွါးတွေ အများကြီးပိုင်ဆိုင်ထားတယ်။

နိုင်ဂျာအာဏာသိမ်းမှုဟာ အာဖရိကနိုင်ငံများရဲ့ အာဏာသိမ်းမှုတွေထဲက နောက်ဆုံးဖြစ်စဉ်တစ်ခုပဲဖြစ်တယ်။

၂၀၂၂ခုနှစ်အတွင်း ဘူကီနာဖာဆိုမှာ အာဏာသိမ်းမှု နှစ်ကြိမ် နဲ့ ဂီနီဘစ်ဆော၊ ဂမ်ဘီယာ နဲ့ ဆောတိုမီကျွန်းနိုင်ငံတွေမှာ မအောင်မြင်တဲ့အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။

အာဏာသိမ်းတယ်ဆိုတာက လက်ရှိအာဏာရခေါင်းဆောင်တစ်ဦးဦးကို စစ်တပ် သို့မဟုတ် အရပ်သား ခေါင်းဆောင်တစ်ဦးဦးက တရားမဝင် သို့မဟုတ် ပြောင်ကျကျ ဖယ်ရှားဖို့ ကြိုးစားတာလို့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။

နိုင်ငံရေးသုတေသီ ဂျိုနသန် ပါဝဲလ် နဲ့ ကလေတန်သိုင်း တို့ရဲ့ အဆိုအရ ၁၉၅၀ပြည့်လွန်နှစ်တွေကစပြီး ဒီနေ့အထိအာဖရိကမှာ အာဏာသိမ်းမှုပေါင်း ၂၀၀ကျော်ဖြစ်ပွါးခဲ့ပြီး ထက်ဝက်ကျော် အောင်မြင်ခဲ့တယ်လို့ဆိုတယ်။

တစ်ခါတရံမှာ အာဏာသိမ်းမှုမှာ ပါဝင်တဲ့သူတချို့က သူတို့ဟာ အာဏာသိမ်းတာ မဟုတ်ပါဘူးလို့ ငြင်းဆန်လေ့ရှိကြတယ်။

၂၀၁၇ခုနှစ်မှာ ဇင်ဘာဗွေမှာ ၃၇ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ရောဘတ် မူဂါဘီကို စစ်ဗိုလ်ချုပ်ကြီး ဆီဗူဆီဆို မိုယိုက ဖြုတ်ချပြီး အာဏာသိမ်းလိုက်တော့ သူက ဒါဟာ အာဏာသိမ်းတာမဟုတ်ပါဘူးလို့ ရုပ်သံမှာ ငြင်းဆန်သွားခဲ့တယ်။

၂၀၂၁ခုနှစ်မှာ ချဒ်ခေါင်းဆောင် အီးဒရစ် ဒေဘီ ကွယ်လွန်တော့ စစ်တပ်က သူ့ရဲ့သားကို ကြားဖြတ်သမ္မတအဖြစ်အသွင်ကူးပြောင်းရေး စစ်ကောင်စီမှာ ခန့်အပ်ခဲ့တယ်။ အတိုက်အခံတွေက ဒါကို အရိုက်အရာခံအာဏာသိမ်းမှုလို့သမုတ်တယ်။

“ အာဏာသိမ်းခေါင်းဆောင်တိုင်းလိုလို ဆင်ခြေပေးတတ်ကြတာက သူတို့ရဲ့လုပ်ရပ်ဟာ အာဏာသိမ်းတာမဟုတ်ဘဲ တရားဝင်တယ်လို့ ဆိုတာပဲ” လို့ ဂျိုနသန်ပါဝဲလ်က မှတ်ချက်ပေးပါတယ်။

၁၉၆၀ နဲ့ ၂၀၀၀ ပြည့်နှစ်အတွင်း အာဖရိကမှာ တစ်နှစ်ပျမ်းမျှအာဏာသိမ်းမှု လေးကြိမ်ဖြစ်ပွါးတယ်လို့ သိရတယ်။

ပါဝဲလ်ရဲ့ အဆိုအရ ခုလိုအာဖရိကမှာ အာဏာသိမ်းမှုများပြားရတာဟာ အဆန်းတော့မဟုတ်ပါဘူးတဲ့။ နှစ်ပေါင်းများစွာ ကိုလိုနီ ပြုခံခဲ့ရပြီး လွတ်လပ်ရေးရလာတဲ့အချိန်မှာ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အကျိုးဆက်တွေပါလို့ဆိုတယ်။

ဆင်းရဲမွဲတေခြင်း နဲ့ စီးပွါးရေးစွမ်းဆောင်ရည်ညံ့ဖျင်းခြင်းတွေဟာ အာဖရိကနိုင်ငံတွေမှာ အာဏာသိမ်းမှုကိုဖြစ်စေတဲ့ တူညီတဲ့ အကြောင်းရင်းတွေလို့ ဆိုတယ်။



၂၀၂၂ခုနှစ်အတွင်း အာဖရိကမှာ အာဏာသိမ်းဖို့ကြိုးပမ်းအားထုတ်မှု ငါးကြိမ်ရှိခဲ့ရာမှာ နှစ်ကြိမ်သာ အောင်မြင်ခဲ့တယ်။

ကွာဇူးလူးနေတယ် တက္ကသိုလ်က ခရစ်တီယန်အေနီဆိုသူကတော့ အာဖရိကမှာ သက်တော်ရှည်အာဏာရှင်ခေါင်းဆောင်တွေကို လူထု အုံကြွဆန္ဒပြကြရာက နောက်ထပ်အာဏာသိမ်းမှု ထပ်ဖြစ်လာတာမျိုးလည်း ကြုံရတယ်လို့ဆိုတယ်။

“လူထုအုံကြွဆန္ဒပြမှုတွေမှာ လူထုက တရားဝင်ဦးဆောင်တာဖြစ်ပေမယ့် နောက်ဆုံး အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အဆုံးအဖြတ် ပေးသွားတာက စစ်တပ်ကပဲ ဖြစ်နေတတ်တယ်။”

အာဖရိကနိုင်ငံတွေအနက် အာဏာသိမ်းမှုအများဆုံးစံချိန်တင်ထားတဲ့နိုင်ငံဟာ ဆူဒန် ဖြစ်တယ်။ ဆူဒန်မှာအာဏာသိမ်းဖို့ ကြိုးပမ်းမှု ၁၆ ကြိမ်ရှိခဲ့ပြီး ၆ ကြိမ်အောင်မြင်ခဲ့တယ်။

ဆူဒန်ရဲ့ကာလရှည်ခေါင်းဆောင် အယ်လ်ဘာရှားဟာ ၁၉၈၉က သူကိုယ်တိုင် စစ်အာဏာသိမ်းပြီး အာဏာ ရယူခဲ့ပေမယ့် ၂၀၁၉ မှာ သူ့ကို စစ်တပ်ကပဲ တစ်ခါအာဏာပြန်သိမ်းခဲ့တယ်။

အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၉ ကြိမ်ဖြစ်ခဲ့ဖူးပြီး ရှစ်ကြိမ်အောင်မြင်ခဲ့တယ်။  နိုက်ဂျီးရီးယား၊ ဘူရွန်ဒီ၊ ဆီအာရာလီယွန် နဲ့ ဂါနာတို့မှာလည်း အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ကြတယ်။

ခြုံပြီးပြောရရင် ၂၀၁၇ နောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အာဏာသိမ်းမှု (၁၇)ကြိမ်ဖြစ်ခဲ့ရာမှာ ( ၂၀၂၁မြန်မာ ကလွဲလို့) အားလုံးဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

cwm/ref: Niger Coup: Are military takeovers on the rise in Africa ? 

 

ဆက်စပ် သတင်းများ

ရန်သူကို မိတ်ဆွေလုပ်ခြင်း….
  • Web Master
  • ၂၃ ဇူလိုင် ၂၀၂၃
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
ဆူဒန်က အာဏာလုပွဲ...။
  • Web Master
  • ၂၀ ဧပြီ ၂၀၂၃
ဆူဒန်က အာဏာလုပွဲ...။