သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဆူဒန်က အာဏာလုပွဲ...။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.2k

နိရဉ္စရာ (နိုင်ငံတကာဆောင်းပါး)၊ ဧပြီ ၂၀/၂၀၂၃

 

ဆူဒန်နိုင်ငံ၊ ခါတွန်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းက စလို့ ပစ်ခတ်ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ ကျယ်လောင်တဲ့ သေနတ်သံတွေ၊ မိုးခြိမ်းသံလို ဒုံးကျည်ပေါက်ကွဲသံတွေ၊ အဆောက်အဦးများကြားက ထွက်ပေါ်လာတဲ့ မီးခိုးလုံးတွေ၊ ဝဲပျံနေတဲ့ စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ နဲ့ ခါတွန်မြို့လယ် မြင်ကွင်းဟာ ရင်ထိတ်စရာ ကောင်းလှတယ်။ 

 

လူဦးရေ ငါးသန်းရှိတဲ့ ခါတွန်မြို့လယ် လူနေရပ်ကွက်တွေကြားထဲ ဖြစ်ပေါ်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် မြို့သူမြို့သားတွေဟာ နေအိမ်အဆောက်အဦးတွေထဲမှာ ပိတ်မိနေကြပြီး  မီးပြတ်၊ ရေပြတ်၊ အစားအစာပြတ်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်။

 

မြို့လယ်အဆောက်အဦးတွေကြားထဲ ဖြစ်ပေါ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု လူပေါင်း ၁၈၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တယ်။ လေးရက်အတွင်း ဒဏ်ရာရသူပေါင်း ၁၈၀၀ ကျော်သွားပြီး ကုသစရာ ဆေးရုံတွေလည်း ဒုံးကျည်နဲ့ ပစ်ခတ်ခံထားရလို့ ပိတ်ထားရတယ်။ 

 

ဒီပစ်ခတ်တိုက်ခိုက်မှုတွေဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်နှစ်ဦး အာဏာလုကြရာက စတင်ခဲ့တာဖြစ်တယ်။ ဆူဒန်နိုင်ငံဟာ အခြားသော အာဖရိကနိုင်ငံတွေလိုပဲ အာဏာသိမ်းမှုတွေ၊ ပုန်ကန်မှုတွေ၊ လက်နက်ကိုင် ပြည်သူ့စစ်တွေ၊ အာဏာရှင်ခေါင်းဆောင်တွေ နဲ့ သမိုင်းကြောင်း ရှည်ခဲ့တဲ့နိုင်ငံပါ။ 

 

အာဖရိကအရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး လူဦးရေ ၄၅ သန်းရှိတဲ့ မွတ်ဆလင်နိုင်ငံ ဖြစ်တယ်။အကျယ်အဝန်း စတုရန်းမီတာ ၁.၉ သန်းရှိလို့ အာဖရိကရဲ့ အကျယ်ဝန်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်။ မြောက်ဘက်မှာ အီဂျစ်၊ လစ်ဗျား၊တောင်ဘက်မှာ တောင်ဆူဒန်၊ အီသီယိုပီးယား နဲ့ အရှေ့ဘက်မှာ အီရစ်ထရီးယားနဲ့ ပင်လယ်နီ ရှိတယ်။ 

 

ဆူဒန်မှာ အခုဖြစ်လာတဲ့ တိုက်ပွဲတွေဟာ နှစ်ပေါင်းများစွာ အာဏာကိုစွဲကိုင် အုပ်ချုပ်လာတဲ့ ဆူဒန်သမ္မတ အိုမာအယ်လ် ဘာရှား ကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖယ်ရှားပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေပါ။ 

အယ်လ် ဘာရှားကိုယ်တိုင်က စစ်ဗိုလ်ချုပ်တစ်ဦးအနေနဲ့ ၁၉၈၉ မှာ အာဏာသိမ်းခဲ့ပြီး နှစ်ပေါင်း သုံးဆယ်လောက် ခေါင်းစဉ်အမျိုးမျိုးပြောင်းပြီး ဆူဒန်ကို အုပ်ချုပ်လာခဲ့တာပါ။ သူဟာ ၂၀၀၉ ခုနှစ်မှာ ဒါဖာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ အိုင်စီစီရဲ့ ပထမဆုံး စစ်ရာဇဝတ်မှုတရားခံအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်တယ်။ 

 

၂၀၁၉ ခုနှစ်မှာ ဆူဒန်လူထုရဲ့ အထွေထွေအကျပ်အတည်းနဲ့အတူ လမ်းပေါ်ဆန္ဒပြပွဲတွေ ကြီးထွားလာခဲ့ပြီး ဘာရှားကို ဖယ်ရှားဖို့ လူထုက တောင်းဆိုခဲ့ရာက စစ်တပ်က သူ့ကိုဖယ်ရှားပြီး အာဏာသိမ်းလိုက်တာဖြစ်တယ်။ 

 

အာဏာသိမ်းပြီးတဲ့အထိ လမ်းပေါ်မှာ လူထုဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သားအုပ်ချုပ်ရေး တောင်းဆိုနေကြတဲ့အတွက် စစ်တပ်ဟာ အရပ်ဘက် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး အရပ်ဘက်-စစ်ဘက် အာဏာခွဲဝေအုပ်ချုပ်ခဲ့ကြတယ်။ အစိုးရအဖွဲ့အမည်ကို " အချုပ်အခြာကောင်စီ" ( Sovereign Council ) လို့ ခေါ်တွင်ခဲ့တယ်။ 

 

ဒီကောင်စီကို အာဏာသိမ်း စစ်ဗိုလ်ချုပ် နှစ်ဦးဖြစ်တဲ့ ဆူဒန်လက်နက်ကိုင်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာ့ အယ်လ်ဘာဟန် နဲ့  ( RSF) အရန်တပ် စစ်ဗိုလ်ချုပ် မိုဟာမက် ဟမ်ဒန် ဒါဂါလို တို့က ဦးဆောင်တယ်။ 

 

အရပ်ဘက်-စစ်ဘက် အာဏာခွဲဝေအုပ်ချုပ်တဲ့ Sovereign Council မှာ အရပ်ဘက်ခေါင်းဆောင် ဝန်ကြီးချုပ် အဗ္ဗဒယ်လာ ဟမ်ဒေါ့ နဲ့ စစ်ခေါင်းဆောင်တွေကြား ပွတ်တိုက်မှုတွေ ရှိလာပြီးတဲ့နောက် ၂၀၂၁၊ အောက်တိုဘာမှာ စစ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘာဟန် နှင့် ဒါဂါလို တို့ကပဲ ဦးဆောင်ပြီး အရပ်သားဝန်ကြီးချုပ် ဟမ်ဒေါ့ကို ဖမ်းဆီးကာ အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်လိုက်ပြီး ထပ်မံအာဏာသိမ်းလိုက်ပြန်တယ်။ 

 

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ် ဘာဟန် က အာဏာသိမ်းအစိုးရအဖွဲ့ ကို ဦးဆောင်ပြီး RSF အရန်တပ် ဗိုလ်ချုပ် မိုဟာမက် ဒါဂါလို က ဒုတိယခေါင်းဆောင်အဖြစ် အာဏာရယူခဲ့ကြတယ်။ အာဏာသိမ်းအစိုးရဟာ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ပြီး ရွေးကောက်ပွဲကတစ်ဆင့် အရပ်သားအစိုးရဖြစ်ပေါ်ရေး ဆောင်ရွက်မယ်လို့ဆိုတယ်။ 

 

အခု ဖြစ်ပေါ်လာတဲ့ အခြေအနေက အာဏာသိမ်းခေါင်းဆောင် စစ်ဗိုလ်ချုပ်နှစ်ဦးအကြား အာဏာလွန်ဆွဲကြရာက စတင်တယ်လို့ ဆိုတယ်။ 

 

ရှုပ်ထွေးတဲ့ ဆူဒန်သမိုင်းကြောင်းကို ပြန်ကြည့်ရင် လက်ရှိ စစ်ခေါင်းဆောင်နှစ်ဦးရဲ့ လာရာလမ်းက မတူညီကြဘူး။ ဗိုလ်ချုပ်ကြီး အယ်လ် ဘာဟန် က ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲဖြစ်ပြီး ဗိုလ်ချုပ်မိုဟာမက် ဒါဂါလိုက RSF လို့ ခေါ်တဲ့ အရန်တပ်များရဲ့ အကြီးအကဲဖြစ်တယ်။ Rapid Support Forces ( RSF) ဟာ ခေါင်းဆောင်ဟောင်း ဘာရှားလက်ထက် ၂၀၁၃ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတာ ဖြစ်တယ်။ 

 

တကယ်တော့ RSF ဟာ ဒါဖာ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂျန်ဂျာဝိဒ် ပြည်သူ့စစ်အဖွဲ့တွေကို ပေါင်းစည်းထားတာဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဒါဂါလိုရဲ့ ဦးဆောင်မှုအောက်မှာ RSF အရန်တပ်ရဲ့ အင်အားက (၁၀၀၀၀၀) အထိ ရှိနေတယ်။ 

 

သမ္မတ ဘာရှားကို ဖယ်ရှားခဲ့တဲ့ ၂၀၁၉ အာဏာသိမ်းမှုမှာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ် ဘာဟန် နဲ့ RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒါဂါလိုတို့ ပူးတွဲပါဝင်ခဲ့သလို ၂၀၂၁ စစ်ဘက်-အရပ်ဘက် ညွန့်ပေါင်းအစိုးရကို အာဏာသိမ်းကြတော့လည်း အတူတကွ လက်တွဲပါဝင်ခဲ့ကြတယ်။ 

 

အာဏာသိမ်းစဉ်က အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်နှစ်ဦး ဘာ့ကြောင့် ခုချိန်မှာ အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်နေကြသလဲ။ 

 

အပေါ်ယံအားဖြင့် ဒီမိုကရေစီအကူးအပြောင်းလုပ်ငန်းစဉ်မှာ သဘောထားကွဲကြတယ်လို့ ဆိုတယ်။ အဓိကကျတဲ့ အချက်က အရပ်ဘက် အုပ်ချုပ်ရေးစနစ်ကူးပြောင်းတဲ့အခါ ဗိုလ်ချုပ်ကြီး ဒါဂါလို ဦးဆောင်မှုအောက်က အင်အား (၁၀၀၀၀၀)ကျော် ရှိတဲ့ RSF အရန်တပ်ကို ဘယ်သူရဲ့ ဦးဆောင်မှုအောက်မှာ ထားရှိမလဲ ဆိုတဲ့အချက်ပါ။ ဆူဒန်တပ်မတော်အကြီးအကဲ နဲ့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အယ်လ် ဘာဟန်က RSF ကို ဆူဒန်လက်နက်ကိုင်တပ်အောက်မှာ ထားချင်တယ်။ 

 

RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဒါဂါလိုက ဒါကို လက်မခံဘူး။ RSF ဟာ ဆူဒန်အမြဲတမ်းလက်နက်ကိုင်တပ် မဟုတ်ပေမယ့် အင်အားတောင့်တင်းတယ်။ လာရာမတူတဲ့ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ မိမိတို့ အာဏာကို အထိပါးမခံနိုင်ဘူး။ 

တကယ်တော့ RSF ခေါင်းဆောင် ဒါဂါလိုကလည်း ခုချိန်မှာ ဆူဒန်ပြည်သူတွေကို ကိုယ်စားပြုနေတယ်လို့ ဆိုပေမယ့် ဒါဖာ လူမျိုးတုန်းသတ်ဖြတ်မှုလို သွေးစွန်းတဲ့ သမိုင်းကြောင်း ရှိနေသလို အာဏာရလာပြီးနောက်ပိုင်းမှာ ဆူဒန်ရဲ့ရွှေတွင်းအများအပြားကို ထိန်းချုပ်ပြီး စီးပွားရေးအင်ပါယာထူထောင်ထားသူဖြစ်တယ်။ 

 

သေနတ်ပစ်ဖောက်မှုတွေဟာ ပြီးခဲ့တဲ့ စနေနေ့ မနက်ခင်းမှ စဖြစ်ခဲ့တယ်။ ဘယ်သူက စတယ်ဆိုတာ မသိနိုင်ပေမယ့် တင်းမာမှုက ဒါဂါလို ရဲ့ RSF တပ်တွေ ရွှေ့ပြောင်းရာက စတယ်လို့ ဆိုတယ်။

 

နေရာအချို့မှာ RSF တပ်တွေရဲ့ ရွှေ့ပြောင်းလှုပ်ရှားမှုဟာ လက်ရှိ ခေါင်းဆောင် နဲ့ ဆူဒန်လက်နက်ကိုင် တပ်ဖွဲ့အကြီးအကဲ အယ်လ် ဘာဟန်ကို ခြိမ်းခြောက်သလိုဖြစ်နေတယ်။ 

 

ဆူဒန် စစ်တပ်ရဲ့ ဌာနချုပ်အပါအဝင် အရေးပါတဲ့ အစိုးရအဖွဲ့အဆောက်အဦးတွေဟာ ခါတွန်မြို့လယ်မှာ ရှိနေတယ်။ 

 

စနေနေ့က RSF တပ်တွေဟာ မြို့ထဲကို ထရပ်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ဝင်လာပြီး အဓိကနေရာတွေကို သိမ်းပိုက်ဖို့ ကြိုးစားတယ်။ မြို့လယ်မှာ ပစ်ခတ်ပေါက်ကွဲသံတွေ ဆူညံပြီးထွက်လာတယ်။ မီးခိုလုံးတွေ လိမ့်ထွက်လာတယ်။ ဆူဒန်စစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး RSF တပ်တွေကို ဗုံးကြဲပစ်ခတ်တယ်။ 

 

အရပ်သားအများစုနေထိုင်တဲ့ ခါတွန်မြို့လယ်မှာ အရပ်သားတွေ နေအိမ်ထဲက မထွက်ရဲဘဲ ပိတ်မိနေတယ်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် စီးပွားရေးအဆောက်အဦးတွေ၊ ရုံးတွေ၊ ဆေးရုံတွေကို ထိမှန်သလို ဒဏ်ရာရသူတွေထဲမှာ ကုလဝန်ထမ်းတွေ၊ သံတမန်တွေ ပါဝင်တယ်။ RSF တပ်တွေရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် ခါတွန်လေဆိပ်မှာ လေယာဉ်တွေ မီးလောင်ပြီး လေဆိပ်ကို ပိတ်ထားလိုက်ရတယ်။ 

 

တနင်္ဂနွေနေ့က အရပ်သားတွေ ထွက်ခွါဖို့ အပစ်ခဏ ရပ်ထားပေမယ့် ဗုဒ္ဓဟူးနေ့အထိ မြို့လယ်မှာ နားကွဲမတတ် ဒုံးကျည်ပစ်ခတ်မှုတွေ ရှိနေပြီး လျှပ်စစ်မီးတွေပြတ်၊ ရေတွေပြတ်ဖြစ်နေတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အများအပြားရှိနေပြီး ဒဏ်ရာရသူမရေမတွက်နိုင်အောင် ရှိနေတယ်လို့ ဆူဒန်ဆရာဝန်သမဂ္ဂက ဆိုတယ်။ ခါတွန်မြို့လယ်က ဆေးရုံ ၅၉ ခုအနက် ၃၉ ခု ပိတ်ထားရပြီး ဒဏ်ရာရသူတွေကို ဆေးကုဖို့အခက်အခဲဖြစ်နေတယ်လို့ဆိုတယ်။ မြို့လယ်မှာ RSF တပ်တွေက လုယက်မှုတွေပြုလုပ်နေသလို ပိတ်မိနေတဲ့ အရပ်သားအများစုက ရေပြတ်၊ အစာပြတ်ဖြစ်နေတယ်။ 

 

၂၄ နာရီအပစ်အခတ်ရပ်စဲဖို့ အင်္ဂါနေ့က သဘောတူခဲ့ကြပေမယ့် သိပ်မကြာခင်မှာပဲ ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဂျပန်အပါအဝင် အမေရိကန်၊ ဂျာမနီတို့က သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ခါတွန်လေဆိပ် ပိတ်ထားလို့ အခက်တွေ့နေတယ်။

 

ဗုဒ္ဓဟူးနေ့ကတော့ အရပ်သားအချို့ဟာ မြို့လယ်ကနေ အရဲစွန့်ပြီး ခြေကျင်လျှေက် ထွက်ပြေးလာခဲ့ရတယ်။ လောင်စာဆီတွေ ပြတ်နေလို့ ကားတွေ မသွားနိုင်ဘူး။ 

RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဒါဂါလိုက သူတို့တပ်တွေဟာ မြို့လယ်က အဓိကအဆောက်အဦးတွေကို ထိန်းချုပ်ထားပြီလို့ ဆိုပေမယ့် ဆူဒန်စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုအပါအဝင် အပြန်အလှန်ပစ်ခတ်မှုတွေဟာ ဗုဒ္ဓဟူးနေ့အထိ ဖြစ်ပေါ်နေဆဲလို့ သိရတယ်။ 

နောက်ထပ် ၂၄ နာရီအပစ်အခတ်ရပ်စဲထားမယ်လို့ ထပ်မံသဘောတူထားကြပေမယ့် ပစ်ခတ်မှုတွေ မပြီးဆုံးသေးဘူးလို့ သိရတယ်။ RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒါဂါလို ကိုယ်တိုင် ကတိပြုထားပေမယ့် ကွပ်ကဲမှု ကွင်းဆက်ပြတ်နေတဲ့အတွက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာလို့ ဆိုတယ်။ 

 

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦးရဲ့ အာဏာလွန်ဆွဲရာက စတဲ့ ဆူဒန်နိုင်ငံ၊ ခါတွန်မြို့လယ်က ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ခုချိန်ထိ မပြီးဆုံးသေးသလို ဘယ်အချိန် ဘယ်လိုအဆုံးသတ်မလဲဆိုတာ မသိနိုင်သေးပါဘူး။

 

NN-27

ကိုးကား- AFP/ AFP/ BBC World.

ဆက်စပ် သတင်းများ

နိုင်ဂျာက အာဏာသိမ်းပွဲ..။
  • Web Master
  • ၃၀ ဇူလိုင် ၂၀၂၃
နိုင်ဂျာက အာဏာသိမ်းပွဲ..။
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
  • Web Master
  • ၂၃ ဇူလိုင် ၂၀၂၃
ရန်သူကို မိတ်ဆွေလုပ်ခြင်း….