တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က စကစတပ်ဖွဲ့ဝင်(၁၂၀)ခန့်ကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(ထွက်ပြေးလွတ်မြောက်နေသူများကို လိုက်လံရှင်းလင်းနေ)

ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၄

ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၁၂၀)ခန့်ကို လက်နက်ခဲယမ်းများနဲ့အတူ ထပ်မံဖမ်းဆီးရမိကြောင်း ယနေ့ ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် မတူပီ မြို့သိမ်းတိုက်ပွဲများမှ စခန်းစွန့်ခွာကာ ထွက်ပြေးနေကြသော စကစတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဘက်ဝန်ထမ်းများ စုစုပေါင်း ဦးရေ (၁၂၀) ဝန်းကျင်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင်  ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ လက်နက်ခဲယမ်း စစ်အသုံးအဆောင် ပစ္စည်းများနှင့်အတူ ပထမသုတ်အနေဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။


ထို့အတူ ဇူလိုင်လ (၂၅)ရက်နေ့တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော လက်ကျန်  စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့်တပ်မိသားစုဝင်များပါဝင်သော စစ်ကြောင်းနှင့်  ချင်းညီနောင်မဟာမိတ်အဖွဲ့တို့အကြား (၂)နာရီခန့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယသုတ်အနေဖြင့် စကစတပ်ဖွဲ့ဝင်များကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။ 

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပူးတွဲစစ်ဆင်ရေးတစ်ရပ်အဖြစ် ချင်းပြည်နယ် မတူပီမြို့ ရှိ ခမရ (၃၀၄)၊ ခလရ (၁၄၀) နှင့် မတူပီအခြေချစစ်ဗျူဟာတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ၎င်းစခန်းများကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် မိသားစုများသည် လက်နက်များဖြင့် စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်။

ထွက်ပြေးလွတ်မြောက်နေသည့် ကျန်စကစတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်း လျက်ရှိနေသည်ဟု ဆိုသည်။



ချင်းညီနောင်မဟာမိတ်အဖွဲ့က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို အကောင်းဆုံး ဆေးကုသပေးထားပြီး ယင်းအထဲက အချို့မှာ ပြင်းထန် ဒဏ်ရာများ ရရှိထားခြင်းကြောင့် သေဆုံးမှုများရှိနေကြောင်း၊ ဖမ်းဆီးရမိသူများအား စစ်သုံ့ပန်းဥပဒေအညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကြောင်း ထုတ်ပြန်ထားသည်။

မတူမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့နှင့် အတူ အာရက္ခတပ်တော်နှင့် ယောကာကွယ်ရေးတပ်ဖွဲ့များမှ အတူလက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။

 

 

 

ဆက်စပ် သတင်းများ