ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

WFP က ရေဘေးသင့်ပြည်သူ (၅)သိန်းကို တစ်လစာ စားနပ်ရိက္ခာများ ပံ့ပိုးကူညီမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 313

လူထက်နိုင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ရေဘေးသင့်ပြည်သူ (၅)သိန်း ကို တစ်လစာ အတွက် စားနပ်ရိက္ခာများ ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်း WFP ၏ စက်တင်ဘာ ၁၈ ရက် သတင်းထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် မြန်မာနိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသများတွင် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့တွေကို WFP က ယခုတစ်ပတ်တွင် စတင်ပေးအပ်သွားမှာဖြစ်ကြောင်း WFP က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဘေးသင့်ပြည်သူ (၅) သိန်းအထိ ပံ့ပိုး ကူညီရန် လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နှင့် အာဟာရ အထောက်အပံ့ တစ်လစာကို WFP ဝန်ထမ်းများကိုယ်တိုင် ရေဘေးသင့်ပြည်သူ ခံ တိုက်ရိုက်ဖြန့်‌ဝေ ကူညီသွားမည်ဟုWFP က ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီ မတိုင်မီ ဇူလိုင်နှင့် သြဂုတ်လအတွင်းကလည်း WFP က အရေးပေါ် အကူအညီ အနေဖြင့် ရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ ကိုလည်း စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။


စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့သည့် ရေ‌ဘေးသည်  မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောဆိုသည်။

“ စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့တဲ့ ဒီရေ‌ဘေးဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာ ဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။” ဟု Ms. Sheela Matthew က ပြောသည်။

စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည်။

Ms. Sheela Matthew  က“ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်။” ဟု ပြောသည်။


တိုင်ဖွန်းမုန်တိုင်းရာဂီ ကြောင့် မြန်မာနိုင်ငံတွင်ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း( ၆၃၁,၀၀၀)ခန့် ဘေးသင့်ခဲ့ကြောင်း သိရသည်။ Source/WFP and Photo/ United Nations Myanmar

ဆက်စပ် သတင်းများ