စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မင်းပြား ကုလားမတောင်ရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အနည်းဆုံးရွာသား ၁ဝ ဦးဒဏ်ရာရ၊ သုံးဦးဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာ အတွင်း ယနေ့ နံနက်ပိုင်းက မင်းပြားကျိန်းတောင်မှ ပစ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ရွာသား ၁ဝ ဦး ဒဏ်ရာရရှိသွားပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဒဏ်ရာရရှိသွားသူ ၁ဝ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ သုံးဦးမှာ ထွန်းဝင်းစိန် (၅၇)နှစ်၊ သူ၏ ဇနီးဖြစ်သူ ဒေါ်မသိန်းကြည်(၅၅) နှစ်နှင့် မိုးနိုင်ဝင်း (၂၁) နှစ် (ဘ) ဦးမောင်ဖြူကြီးတို့ ဖြစ်ကြသည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

“ လက်နက်ကြီးကျည်က အိမ်ဝင်းထဲကို ကျတာပါ။ ဘယ်ကပစ်မလဲ။ မင်းပြားကျိန်းတောင်ကပစ်တာပါ။ ကျတဲ့နေရာ တွင်းခံသွားပါတယ်။ ဒီလောက်ကြီးတဲ့ လက်နက်ကြီးကျည်က အဲဒီက ပစ်တာပါ။ အခုလည်း ပစ်နေပါတယ်။ အားလုံး ရွာသား ၁ဝယောက် ဒဏ်ရာရပါတယ်။ ၃ ယောက်က ဒဏ်ရာပြင်းတယ်။ ရာမောင်တံတားမှာလည်း တိုက်ပွဲ ဖြစ်နေတော့ အခု လူနာတွေကို ဝါးတောင်ဘက်ကို ယူသွားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နောက်ရွာသား ၇ ဦးမှာ ဒဏ်ရာမပြင်းထန်သော်လည်း နောက်ကုန်းနှင့် ခြေထောက်များကို ကျည်စံများ ထိမှန်ခဲ့သည်ဟု ဆိုသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ ၎င်းက နေအိမ်တစ်လုံး မီးလောင်ပြီး ရွာသားအများအပြား ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ြ့ပုပြောကြားသည်။

“လောလောဆယ်တော့ လူ ၁ဝ ယောက်လောက်ဒဏ်ရာ ရထားတယ်။ ၃ ယောက်က ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အခုမင်းပြားဆေးရုံကို ယူဖို့အတွက် စီစဉ်နေတယ်လို့ပြောပါတယ်။  လက်နက်ကြီးပစ်တာက ကျိန်းတောင်ကနေ ပစ်တယ်။ မြန်မာ့တပ်မတော်ကနေပစ်တာပါ။ ရွာထဲမှာ လက်နက်ကြီး ၇ လုံး ၈လုံးကျတယ်လို့ပြောတယ်။ ကျိန်းတောင်က ပစ်တာက အလုံး ၁ဝ ကျော်လောက်ကျတယ်လို့ ကျနော့်ကို ဖုန်းဆက်သတင်းပို့လာတယ် ” ဟု ဦးလှသိန်းအောင်က ပြောသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုသို့မြို့ကိုကျော်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ကို မပြောလိုသော်လည်း ထိုသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ရွာကိုကျရောက်ပေါက်ကွဲခြင်းမှာ မဖြစ်သင့်ကြောင်း ဦးလှသိန်းအောင်က ဆက်ပြောသည်။

“မနက်က တိုက်ပွဲဖြစ်တာက ရာမောင်တံတားနားမှာဖြစ်တာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကုလားမတောင်ကျေးရွာနဲ့ တစ်မိုင်ကျော် နှစ်မိုင်လောက်ဝေးတယ်။ သူတို့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွာကိုကျတာမဖြစ်သင့်ဘူး။ မြို့ကိုကျော်ပြီး ပစ်တာလည်းမဖြစ်သင့်ဘူး။ ပန်းမြောင်းမှာလို မတော်လို့ တစ်လုံးချော်ကျရင် ကျနော်တို့မြို့က လူနေ သိပ်သည်းတဲ့အတွက် တစ်စုံတစ်ခုဖြစ်သွားရင် အန္တရာယ်အကြီးအကျယ်ရောက်လာနိုင်တဲ့အနေအထားရှိတယ်” ဟု ၄င်းကပြောသည်။

ဆက်လက်ပြီး ကုလားမတောင်ကျေးရွာသားတစ်ဦးကလည်း လက်နက်ကြီးကျည် မှာရွာလယ်သို့ ကျရောက် ပေါက်ကွဲကြောင်း၊ လက်နက်ကြီးကျည်မှာ အနည်းဆုံး ၇ လုံးခန့်ကျရောက်ပေါက်ကွဲပြီး ရွာလယ်ရှိ နေအိမ်တစ်လုံးလည်း မီးလောင်ခဲ့ကြောင်း ပြောသည်။

ယခုအခါ ရွာသားများမှာ ကြောက်လန့်ပြီး ရွာကို စွန့်ခွာကာ ဝါးတောင်ဘက်သို့ ထွက်ပြေးနေကြကြောင်း၊ ရဟတ်ယာဉ်များဖြင့်လည်း တိုက်ခိုက်မှုများရှိနေ၍  အခြေအနေစိုးရိမ်ရကြောင်း အဆိုပါကျေးရွာသားက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်သော်လည်း ဖုန်းမအားသဖြင့် ဆက်သွယ်၍ မရရှိသေးပါ။

-----------------------------

Unicode:















ဆက်စပ် သတင်းများ