စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် လုံခြုံရေးအကြောင်းပြပိတ်ထားခဲ့သည့် 4G အင်တာနက်လိုင်းကို ပြန်ဖွင့်ပေးသင့်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၃ဝ/ ၂ဝ၂၁

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်ခဲ့သည့်မြို့နယ်များတွင် လုံခြုံရေးအရဟုဆိုကာ ပိတ်ထားခဲ့သည့် 4G အင်တာနက်လိုင်းကို လက်ရှိတွင် ပြန်ဖွင့်ပေးသင့်ပြီဟု ဒေသခံများက တောင်းဆိုနေကြသည်။
တိုက်ပွဲများပြင်းထန်ခဲ့သည့် ရခိုင်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အေအေတို့ အပြန်အလှန်အပစ်အခတ်ရပ်စဲနေကြပြီဖြစ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးတည်နေပြီဖြစ်သည့်အတွက် 4G အင်တာနက်ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ် သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက “ကမ္ဘာမှာ ပေါ်ပျူလာဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကိစ္စတုန်းကလည်း အင်တာနက်မရှိတဲ့အတွက် ဆိုးကျိုး၊ ကောင်းကျိုးတွေကို ရရှိမှ သိမယ်ဆိုပြီး အမြဲတမ်းလိုလိုတောင်းဆိုခဲ့ကြပေမယ့် ဘာမှမထူးခဲ့ဘူး။ အင်တာနက်မရရှိတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရရသလို စိတ်ခံစားမှုတွေ အများကြီး ခံစားနေကြရပါတယ်။ အခု အပစ်အခတ်ရပ်စဲရေးကာလတွေလည်း ဖြစ်လာခဲ့ကြပြီဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အင်တာနက်ကို အမြန်ဆုံးဖွင့်ပေးစေချင်တယ်”ဟု နိရဥ္စရာကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ထုတ်ပြန်လိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ (၁)လ အပစ်ရပ်တိုးမြှင့်မည့်ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်ကိုလည်း စတင် ထည့်သွင်းလာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ကြိုဆိုသည့် ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပညာရေး၊ ကျန်းမာရေး အစစအရာရာတွင် နိမ့်ကျနေသည့် ရခိုင်ပြည်နယ်တွင် အပစ်အခတ်လည်း ရပ်လာပြီဖြစ်သဖြင့် အင်တာနက် အမြန်ဆုံး ပြန်ဖွင့်ပေးရန် လိုအပ်ကြောင်း ပြောသည်။
“တပ်ဘက်က ရခိုင်ပြည်နယ်အပါအဝင် အပစ်အခတ်ရပ်စဲနေကြတာကို ကြိုဆိုတယ်။ ငြိမ်းချမ်းရေးလမ်းစတွေလည်း မြင်နေရတယ်။ အခုအချိန်က ပညာရေးကိုလည်း အင်တာနက်နဲ့ Zoom(ဇုမ်း)တွေနဲ့ သင်နေကြတာရှိတယ်။ အစစအရာပေါ့။ ရခိုင်ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံးနိမ့်ကျနေတဲ့အတွက် အမြန်ဆုံးပြန်ဖွင့်ပေးဖို့ လိုအပ်နေတယ်လို့ ပြောချင်တယ်”ဟု ဆိုသည်။
၂ဝ၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့မှစကာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် 4G အင်တာနက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြို့နယ်များအနက် မောင်တောမြို့နယ်ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မေလပထမပတ်တွင် 4G အင်တာနက်ကို ဖွင့်ပေးခဲ့သည်။ ယင်းနောက် သြဂုတ်လ ၁ ရက်နေ့တွင် ကျန်သည့်မြို့နယ်များကို 2G အဆင့်သာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ရာ အီးမဲလ် (Email)ပို့ရန်၊ ဓာတ်ပုံများပါသည့် သတင်းများကို ကြည့်ရှုရန်နှင့် ဝက်ဆိုက်(Website) များဖွင့်ရန် အခက်အခဲများရှိနေဆဲဖြစ်သည်။
ကျောက်တော်မြို့နယ်တွင် လူမှုရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသူ ကိုဇော်ဝင်းက “အင်တာနက်မဖွင့်ပေးတာဟာ စစ်အင်အားတွေကို ထပ်ပြီးတိုးချဲ့ဖို့အတွက်လားဆိုပြီးမြင်နေတယ်။ ဒီနေ့ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်မှာ ကမ္ဘာကြီးဟာရွာဖြစ်နေတယ်။ အင်တာနက်ရှိရင် လူငယ်တွေစာသင်ဖို့ အခွင့်အလမ်းတွေရနို်င်မယ်။ အင်တာနက် မရှိရင် ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားပြုကျင့်တာတွေ၊ ပညာသင်ခြင်းဖြတ်တောက်တာတွေ၊ အမှောင်ချခံထားရတာတွေအများကြီးရှိတယ်။ ဒါဟာ နိုင်ငံကောင်းကျိုးကို သေစေတဲ့ လုပ်ငန်းစဉ်တွေဖြစ်တယ်။ အပစ်အခတ်ရပ်စဲတာကိုယုံဖို့ အင်တာနက်ဖွင့်ပေးဖို့လိုမယ်”ဟုပြောသည်။
ရခိုင်တွင် ယခုကဲ့သို့ အင်တာနက်အချိန်ကြာမြင့်စွာပိတ်ထားခြင်းမှာ မြန်မာအစိုးရ၏ ကမ္ဘာတွင် အရှည်အကြာဆုံးအင်တာနက်ပိတ်ဆို့မှုကြီးဖြစ်သည့်အတွက် အမြန်ဆုံးပြန်ဖွင့်ပေးရန် ဒေသခံများအပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုနေကြသော်လည်း အစိုးရကမူ တစ်စုံတရာ တုံ့ပြန်မှုမရှိသေးပါ။

ဆက်စပ် သတင်းများ