ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာတွင် ဝက်ရောဂါကြောင့် ၆ ရက်အတွင်း ဝက်ကောင်ရေ ၂၀၀ နီးပါး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉/၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာတွင် ဝက်ရောဂါဖြစ်ပွားမှုကြောင့် ၆ ရက်အတွင်း ဝက်ကောင်ရေ ၂၀၀ နီးပါး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာ ၁၈ ရက်ညအထိ ဝက်ကောင်ရေ ၁၈၆ ကောင်သေဆုံးပြီး ဆုံးရှုံးသွားသည့်ဝက်များ၏ ခန့်မှန်းတန်ဖိုး သိန်း ၆ဝဝ ကျော်ခန့်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက နိရ ဉ္စရာကို အတည်ပြုပြောသည်။
"နာမကျန်းဖြစ်နေတဲ့အကောင်တွေလည်း ရှိကြတယ််" ဟု ပြောသည်။
အိမ်ခြေ ၃၉ဝ ကျော်ရှိသည့်ကုလားချောင်းကျေးရွာတွင် အိမ်တိုင်းနီးပါး ဝက်မွေးမြူကြပြီး တစ်အိမ်တွင် ၃ ကောင်မှ ၉ ကောင်အထိသေဆုံးမှုရှိနေကြောင်း သူကဆက်ပြောသည်။
ဝက်မွေးမြူသည့် ဒေါ်မနီစိုးကလည်း အရွယ်ရောက်ပြီးသား ဝက်များ ယခုလိုသေဆုံးသည့်အတွက် များစွာဆုံးရှုံးမှုများရှိနေကြောင်း နိရဥ္စရာကိုပြောသည်။
"ဝက်တွေက ဝက်မကြီးတွေ ၇ သိန်း၊ ၈ သိန်းအနည်းဆုံးတန်တဲ့အကောင်တွေ သေဆုံးကြတာဆိုတော့လေ။ ဆုံးရှုံးမှုကများတယ်" ဟု ပြောသည်။
ဝက်များမသေဆုံးမီ အကြောဆွဲခြင်း၊ အစာမစားခြင်း၊ ပါးစပ်မှအမြှုပ်ထွက်ခြင်း စသည့် ရောဂါလက္ခဏာများကိုပြပြီးနောက် ၃ ရက်အတွင်း သေဆုံးကြခြင်းဖြစ်သည်ဟုလည်း မွေးမြူသူများက ပြောကြသည်။
ယနေ့ ဒီဇင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်စိုးလွင်အပါအဝင် မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများက ယင်းကျေးရွာသို့ လာရောက်စစ်ဆေးနေကြပြီဟုလည်း သိရသည်။
ဒေါက်တာကျော်စိုးလွင်က "အခုလက်ရှိသိရသလောက် သေဆုံးတာက များသောအားဖြင့် ဆီးချုပ်၊ ဝမ်းချုပ်ပုံစံနဲ့ဖြစ်ပြီးတော့ သေကြတာများတယ်ဗျ။ ဝက်တွေကနေ နမူနာယူရမယ်။ ယူပြီးတော့မှ ရောဂါအခြေနေစမ်းသပ်ဖို့အတွက် ဓာတ်ခွဲခန်းပို့ရပါမယ်။ ရောဂါကိုဆက်မဖြစ်ပွားအောင် ကျွန်တော်တို့ဘက်က လူထုပညာပေးဟောပြောပွဲတွေ၊ နောက်တစ်ခါ ကာကွယ်ကုသခြင်းများ အဲ့ဒါတွေကို လုပ်ပေးသွားဖို့ရှိပါတယ်" ဟု ပြောသည်။
လက်ရှိတွင် နာမကျန်းဖြစ်နေသည့်ဝက်များကို သီးခြားခွဲထားကာ
သေဆုံးသွားသည့်ဝက်များအားလုံးကို မြေတူး၍ မြှုပ်နှံလိုက်ကြပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ရသေ့တောင်မြို့နယ် မကျည်းချောင်းကျေးရွာအတွင်းမွေးမြူကြသည့်ဝက်အချို့ ရုတ်တရက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - ရောဂါဖြစ်ပြီးနောက် သေဆုံးသွားကြသည့်ဝက်များအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ