ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ဝက်ရောဂါဖြစ်ပွားမှု ရခိုင်မြို့နယ်အချို့သို့ ကူးစက်ပြန့်ပွားနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၁
ရခိုင်ရှိမြို့နယ်အချို့တွင် ဝက်ရောဂါကူးစက်ပြန့်ပွားမှု ဆက်လက်ရှိနေကြောင်း ဒေသခံများမှ သိရသည်။
ရောဂါဖြစ်ပွား၍ ဝက်များသေဆုံးနေသည့်မြို့နယ်များမှာ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်များဖြစ်သည်ဟု သိရသည်။
ဝက်မွေးမြူရေးကို နေအိမ်အများအပြားလုပ်ကိုင်သည့် ကျောက်တော်မြို့နယ် နဂူမေကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်အထိ ဝက်များ ရုတ်တရက်သေဆုံးမှုများရှိနေပြီး နာမကျန်းသည့်ဝက်များလည်း ရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြသိန်းက နိရဥ္စရာကို ပြောသည်။
"နေမကောင်းတဲ့ဝက်တွေကို ဆေးထိုးတယ်။ ဆေးထိုးလို့မရလိုက်တဲ့အကောင်တွေက သေသွားတယ်။ သေသွားတဲ့ဝက်တွေကို မစားကြဖို့ ရွာသားတွေကိုတားမြစ်ထားပါတယ်"ဟု ပြောသည်။
ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ဖြူချောင်းကျေးရွာမှ မမဲမဲက ဝက်များ နေမကောင်းမှုများရှိနေပြီး သေဆုံးမှုများမရှိသေးသော်လည်း ဝက်သားမစားဘဲ ရှောင်ရှားမှုများရှိနေကြောင်း ပြောသည်။
"ဝက်တွေ နေမကောင်းတော့ဖြစ်ကြပါတယ်။ သေတာတော့ မရှိသေးပါဘူး။ ဝက်တွေနေမကောင်းသံကြားလို့ ရွာတွေမှာရောင်းလည်း မစားကြဘူး"ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ခြေ ၄ဝဝ ခန့်ရှိသည့် ကုလားချောင်းကျေးရွာ၌လည်း ဒီဇင်ဘာ ၁၃ ရက်မှ ၂၂ ရက်အထိ ဝက်ကောင်ရေသေဆုံးမှုမှာ ၂၁ဝ ကျော်သွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။
"နာမကျန်းဖြစ်နေတဲ့အကောင်တွေလည်း အသင့်အတင့်ရှိသေးတယ်။ သေသွားတဲ့ဝက်တွေဆီကနမူနာကို တိ/မွေး/ကုကယူပြီး ရန်ကုန်ဓာတ်ခွဲခန်းကိုပို့ထားတယ်။ အဖြေ ၁ ပတ်လောက်နေမှသိရမယ်ပြောပါတယ်"ဟု ပြောသည်။
ကုလားချောင်းရွာမှ ဝက်များသည် မသေဆုံးမီ အကြောဆွဲခြင်း၊ အစာမစားခြင်း၊ ပါးစပ်မှအမြှုပ်ထွက်ခြင်း စသည့် လက္ခဏာများကိုပြီးနောက် ၃ ရက်အတွင်း သေဆုံးကြခြင်းဖြစ်သည်ဟုလည်း မွေးမြူသူများက ပြောကြသည်။
ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကုလားချောင်းကျေးရွာသို့ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့်ဝက်ရောဂါမှာ လူများကိုမကူးစက်နိုင်သော်လည်း ရောဂါဖြစ်ပွား၍သေဆုံးသွားသည့် ဝက်များကို မစားသုံးဘဲ ရှောင်ရှားကြရန် ရွာသားများကို မှာကြားခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ ရေမျက်ချောင်းကျေးရွာတွင်လည်း ယခုနောက်ပိုင်း ဝက်များသေဆုံးမှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ရသေ့တောင်မြို့နယ် မကျည်းချောင်းကျေးရွာအတွင်းမွေးမြူကြသည့်ဝက်အချို့ ရုတ်တရက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ