ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝက်များ ရောဂါဖြစ်ပွားပြီး သေဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ ဧပြီ ၆/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဝက်မွေးမြူကြသည့်ကျေးရွာများတွင် ဝက်များ ရောဂါဖြစ်ပွားပြီး သေဆုံးနေသည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ထောင်လောင်ပွန်း၊ ကြိမ်ချောင်း၊ လောင်းချောင်းနှင့် ဂဏန်းမဲစသည့် ဝက်မွေးမြူကြသည့်ကျေးရွာများရှိဝက်များမှာ ပြီးခဲ့သည့်မတ်လအစောပိုင်းမှစတင်ကာ ယခု ဧပြီလဆန်းအထိ ရောဂါဖြစ်ပွားကာသေဆုံးနေခြင်းဖြစ်သည်ဟု ထောင်လောင်ပွန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ပြောသည်။"ဝက်တွေက ရောဂါဖြစ်ပြီးသေနေကြပါတယ်။ ဖြစ်နေတာတော့ ကြာပြီ။ ဘယ်လိုရောဂါမှန်း မသိဘူး။ ရောဂါဖြစ်တယ်။ ပြီးရင် သေတယ်။ အိမ်တိုင်းလိုလိုပါပဲ။ ဝက်ရောဂါဖြစ်တာ ပျောက်သွားမလား၊ ပျောက်သွားမလားနဲ့ အခုထိ ဆက်ဖြစ်နေဆဲပါပဲ" ဟု ပြောသည်။
ရောဂါဖြစ်ပွားနေသည့် ဝက်များမှာ ရောဂါဖြစ်လာသည်နှင့် အစာမစားတော့ဘဲ အေးပြီး စိုထိုင်းသည့်နေရာများတွင် သွားရောက်နေထိုင်လေ့ရှိပြီး ရောဂါဖြစ်ပွားပြီးနောက် ၃ရက်ခန့်အကြာတွင် သေဆုံးသွားကြသည်ဟုလည်း ဆက်ပြောသည်။
ရောဂါဖြစ်ပွား၍ သေဆုံးသွားကြသည့်ဝက်များမှာ ထောင်လောင်ပွန်းကျေးရွာ တစ်ရွာတည်း၌ပင် အကောင်ရေ ၂၀ ကျော်ခန့်ရှိပြီး နောက်ထပ်ရောဂါ ဖြစ်ပွားနေသည့်ဝက်များလည်း ရှိသည်ဟု ဆိုသည်။
အလားတူ အခြားကျေးရွာများတွင်လည်း အကောင်ရေအများအပြားသေဆုံးနေသည်ဟု သိရသည်။
လက်ရှိတွင် ကျေးရွာသားများက ဝက်တုပ်ကွေးရောဂါဟုယူဆထားကြပြီး သက်ဆိုင်ရာ မွေး/ကုဆရာဝန်များ၊ အိမ်မွေးတိရစ္ဆာန် ဆရာဝန်များအား အသိပေးတိုင်ကြားထားခြင်း မရှိဟုလည်း ကြိမ်ချောင်းကျေးရွာမှ ဝက်မွေးမြူသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
"နေပူပြင်းပြီး တုပ်ကွေးရောဂါဖြစ်ပွားတာလို့ ယူဆတယ်။ ရောဂါဖြစ်နေပြီလို့ ယူဆရတဲ့ဝက်တွေကိုကို ရွာဆေးဆိုင်က ဆေးတွေဝယ်ပြီးတိုက်တယ်။ မန်းကျည်းသီးအမှည့်နဲ့ ထန်းလျက်ကိုအရည်ဖျော်ပြီးတော့ တိုက်နေတယ်" ဟု ပြောသည်။
သေဆုံးသွားကြသည့် ဝက်များကို တစ်ချို့က မြေမြှုပ်ပစ်လိုက်ကြပြီး တစ်ချို့မှာ မြစ်ချောင်းအင်းအိုင်များနှင့် ရွာပြင်တို့တွင် သွားရောက် စွန့်ပစ်မှုများရှိကြသည်ဟု ပြောသည်။
မြစ်ချောင်းအင်းအိုင်များနှင့် ရွာပြင်တို့တွင် စွန့်ပစ်သည့်ဝက်သေကောင်များကို ကျေးရွာအတွင်းရှိ ခွေးများက သွားစားလေ့ရှိသည့်အတွက် သေဆုံးသွားသည့်ဝက်များကို စနစ်တကျမြေမြှုပ်ကြရန်လိုအပ်သလို သက်ဆိုင်ရာ မွေး/ကုဆရာဝန်များကလည်း လာရောက်ကြည့်ရှုဆေးကုပေးရန်လိုအပ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ဝက်ရောဂါဖြစ်ပွားနေသည့် ထောင်လောင်ပွန်း၊ ကြိမ်ချောင်း၊ လောင်းချောင်း၊ ဂဏန်းမဲစသည့်ကျေးရွာများတွင် ဝက်များကိုစီးပွားအဖြစ် မွေးမြူရောင်းချကြပြီး တစ်အိမ်လျှင် အနည်းဆုံးဝက် ၁ ကောင်မှ ၃ ကောင်အထိ မွေးမြူကြသည်ဟုလည်း သိရသည်။
ယင်းရွာများတွင် နှစ်စဥ်ယခုလိုနွေရာသီကာလရောက်တိုင်း ရောဂါဖြစ်ပြီးဝက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ