သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မောင်တောလောင်းတုံစခန်းမှူးက ပုဇွန်ကန်များမှ ပုဇွန်များကို ငွေမပေးဘဲမကြာခဏအတင်းလာတောင်းနေ၍ ပုဇွန်မွေးမြူသူတို့အခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၂

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းတုံစခန်းမှ စခန်းမှူးသည် ပုဇွန်မွေးမြူရေးကန်များမှ ပုဇွန်များကို အလေးချိန် တစ်ကီလိုကနေ ၅ ကီလိုအထိ မကြာခဏ လာရောက် တောင်းယူနေသဖြင့် ပုဇွန်မွေးမြူရေး လုပ်သူများ အခက်ကြုံနေရသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပုဇွန်ကန်ပိုင်ရှင်တစ်ဦးက အဲဒီစခန်းမှူးက ဒီနယ်မြေကို ပြောင်းရွှေ့လာတာက တစ်လကျော်လောက်ရှိပါပြီ။ ရောက်တဲ့နေ့ကတည်းက နေ့တိုင်းလိုလို တောင်းတာပါ။ ပုဇွန်ကန်တစ်ခုကနေ တစ်နေ့ နှစ်သိုက်ကနေ ၅ သိုက်အထိ အဲသလို အမြဲတန်း ပေးရပါတယ်။ တစ်သိုက်က ဒေသအခေါ်ပါ၊ တစ်သိုက် တစ်ကီလိုလို့ တွက်ပါတယ်။ သူက ဒီပုဇွန်တွေကို အထက်လူကြီးတွေဆီ ပေးရမှာမို့ပါ။ ပိုက်ဆံလကုန်ပေးမယ် အဲသလိုမျိုး ပြောပြီး တစ်ခါမှ မပေးဘူး။ တစ်ခါတစ်လေ သူလာရင် လာတယ်။ မလာရင် သူ့တပည့်တွေ လာယူတယ်ဟု ပြောဆိုသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ပုဇွန်များရရှိချိန်ဖြစ်ပြီး ရောင်းစျေးမှာ တစ်ကီလိုမှာ  ၉၀၀၀ ကျပ်ရှိကာ ပိုက်ဆံ ၄၅၀၀၀ခန့်ဖို့ မကြာခဏ အကြောင်းမဲ့ ဆုံးရှုံးနစ်နာနေရသည်ဟု ဆိုသည်။

ပုဇွန်ပေးနေရသည့် ကန်များမှာ မောင်တောမြို့နယ် မြောက်ပိုင်းက  ဦးမောင်မောင်(လောင်ဒုံကျေးရွာ)၊ ဦးကျော်နိုင်ဦး (လောင်ဒုံကျေးရွာ)၊ ဦးသန်းကျော်မိုး (လောင်ဒုံကျေးရွာ)၊ ဦးလေဖြူချေ (လောင်ဒုံကျေးရွာ)၊ ဦးကျော်ဝင်း (လောင်ဒုံကျေးရွာ)၊ ဦးလှဝင်း (စံပယ်ကုန်းကျေးရွာ)နှင့် ဦးဇော်ဌေးဝင်း (ရန်အောင်ပြင်ကျေးရွာ) တို့ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။

၎င်းပြင် ၎င်းစခန်းမှူးသည် ပုဇွန်ကန်ပိုင်ရှင်များကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်သည်ဟု ပြောဆိုသည်။

ကျွန်တော်တို့ကို အေအေနဲ့ ဆက်စပ်တယ်။ မူးယစ်ဆေးဝါးတွေလုပ်တယ်။ အာဆာနဲ့ပတ်သက်တယ်။ အချိန်မရွေးဖမ်းလို့ရတယ်လို့ အဲသလိုမျိုး ပြောဆိုပြီး ခြိမ်းခြောက်တာတွေလည်းရှိပါတယ်။ ကျွန်တော်တို့က ဒီပုဇွန်ကန်တွေကို တရားဝင်လုပ်တာပါ။ မိသားစုပိုင်တွေ။ နိုင်ငံတော်ကို အခွန်ဆောင်ပြီး လုပ်တာပါ။ ဒါကြောင့် မကြောက်ဘူး။ မှန်မှန်ကန်ကန်သာ ဖြေရှင်းဖို့ လိုလားပါတယ်ဟု ပြောဆိုသည်။

နောက်ထပ် ပုဇွန်ကန်ပိုင်ရှင် တစ်ဦးကလည်း   ကျွန်တော်တို့ဆီမှာတော့ အဲသလောက်ထိ နေ့တိုင်း လာတောင်းတာတော့ မရှိဘူး။ တောင်းတော့တောင်းတယ်။ လုံးဝ မတောင်းတောတော့ မဟုတ်ဘူး။ တစ်ခါတစ်လေ ပုဇွန်ခြောက်တွေ တောင်းတယ်။  ဟိုတစ်လောတုန်းကလည်း ပုဇွန်ခြောက် ၆ ကီလိုစစ်တွေပို့တာ လာတောင်းတော့ တစ်ကီလို ပေးတာ မကျေနပ်လို့ နောက်ထပ် ပေးလိုက်ရတယ်။ အဲဒီစခန်းမှူး မိန်းမ လာတုန်းကလည်း မိန်းမအပြန် လက်ဆောင်ပေးမယ်ဆိုပြီး လာတောင်းတာရှိတယ်ဟု ပြောသည်။

သူမတိုင်မီ ယခင်တာဝန်ကျခဲ့သော နယ်ခြားစောင့်ရဲအရာရှိများမှာ သူလောက် မဆိုးကြောင်း၊ ယခု လောင်းတုံ စခန်းမှူးလို အနှောင့်အယှက်လည်း မပေးကြကြောင်း၊ ပုဇွန်များကိုလည်း ယခုလို မတောင်းကြောင်း၊ ယခု ပုဇွန်ကန်များမှာ နိုင်ငံတော်ကို အခွန်ဆောင်ပြီး အစဉ်အဆက် မိသားစုလိုက် လုပ်ကိုင်လာသော ပုဇွန်ကန်များဖြစ်သဖြင့် မတရားသဖြင့် ဥပဒေမဲ့လာတောင်း၍ မရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းပြင် ယခုစခန်းမှူးသည် ရသေ့တောင်မြို့နယ်မှ လာပြီး ဂဏန်းမြှုံး (ဗုံး)ထောင်သူများကိုလည်း ဧည့်စာရင်းကောက်ယူထားပြီး ကြက်များတောင်းယူမှုများ ရှိနေသည်ဟုဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နစ်နာမှုနေသူများက မောင်တောဒေသရှိ  အထက်အရာရှိများကို တိုင်ကြားသော်လည်း ယနေ့ထက်ထိ အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် သိအောင် ပြောရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ဆက်စပ် သတင်းများ