သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ပထမဆုံးအကြိမ် ရေငန်ပုစွန်သားဖောက်သင်တန်း (၁၀) ရက်ကြာ ပို့ချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 916

နိရဥ္စရာ၊ မတ် ၂၅/၂၀၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ကြီးကြပ်ပြီး ကျောက်ဖြူ ရေငန်ပုစွန် သားဖောက်စခန်း၌ ပထမအကြိမ် ရေငန်ပုစွန်သား ဖောက်နည်း ပညာသင်တန်းကို (၁၀) ရက်ကြာ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ ၁၈ ရက်မှ ၂၇ ရက်အထိ (၁၀) ရက်ကြာပို့ချနေခြင်းဖြစ်ပြီး သင်တန်းတွင် တောင်ကုတ်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ/ဆရာမ (၁၁)ဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်း(၄) ဦး စုစုပေါင်း သင်တန်းသား (၁၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မျိုးပုစွန်ပြုစုခြင်း၊ ရေငန်ပြင်ဆင်ခြင်း၊ ပုစွန်သားဖောက်ခြင်း၊ သားလောင်းပြုစုခြင်းနှင့် မွေးမြူရန်အတွက် သက်ရှိအစာ မွေးမြူခြင်း စသည်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးနေခြင်းဖြစ်သည်ဟု တာဝန်ယူသင်ကြားပို့ချနေသည့် ကျောက်ဖြူ ရေငန်ပုစွန် သားဖောက်စခန်းမှ စခန်းတာဝန်ခံ ဦးရွှေကျော်အောင်က နိရဥ္စရာကိုပြောသည်။
"တောင်ကုတ်တက္ကသိုလ်က ကျနော်တို့ဌာနနဲ့ ညှိနှိုင်းလာတာပေါ့။ ညှိနှိုင်းလာတယ်ဆိုတာက တောင်ကုတ်တက္ကသိုလ်က ဆရာ/ဆရာမတွေရဲ့ Thesis တို့ Team paper တို့မှာလည်း အသုံးချနိုင်အောင်၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကိုသင်ကြားရေးမှာလည်း အထောက်အကူဖြစ်အောင်၊ ကျောင်းမှာလည်း သားဖောက်လုပ်ငန်းနဲ့ပတ်သက်ပြီး လက်တွေ့ပြန်ပြီး စာတွေ့၊ လက်တွေ့သင်ကြားနိုင်အောင် လာသင်ကြားကြတာပါ" ဟု ပြောသည်။
အတန်းပညာအရည်အချင်းအတန်အသင့်ရှိသည့် ဒေသခံမွေးမြူရေးတောင်သူများပါဝင်သော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာန၏ ကမ်းလှမ်းမှုမျိုးကိုမဆိုလက်ခံပြီး သင်တန်းများ ပို့ချသွားရန် အဆင်သင့်ရှိကြောင်းလည်း ဦးရွှေကျော်အောင်က ပြောသည်။
"အဓိကက သင်တန်းသားရတယ်ဆိုရင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဘယ်ဌာနကပဲဖြစ်ဖြစ် တောင်းဆိုရင်၊ သင်တန်းသား အယောက် (၁၀) ကျော်လောက်ရတယ်ဆိုရင် ကျနော်တို့ဖွင့်မှာပါ" ဟု ပြောသည်။
ရခိုင်မှ မွေးမြူရေးလုပ်ကိုင်သည့်ပြည်သူများမှာ စနစ်တကျလုပ်ကိုင်နိုင်သည့် နည်းပညာအားနည်းသည့် အတွက် ယခုကဲ့သို့ သင်တန်းများကို စီစဉ်ပေးသင့်ပြီး လေ့လာခွင့်လည်း ရလိုကြောင်း ပေါက်တောမြို့နယ်မှ မွေးမြူရေးတောင်သူတစ်ဦးက ပြောသည်။
"လက်တွေ့လုပ်ကိုင်နေတဲ့ ပြည်သူတွေလည်း တကယ်သင်ကြားခွင့်ရရင်တော့ ကောင်းတာပေါ့။ သင်ခွင့်ရရင်သင်ချင်တယ်။ ကျနော်တို့မှာက တတ်သလို၊ မှတ်သလိုသာလုပ်နေတာ။ စနစ်တကျလုပ်ကိုင်တဲ့ နည်းပညာအားနည်းပါတယ်" ဟု ဆိုသည်။
ယခုကဲ့သို့ သင်တန်းများပေးနိုင်ခြင်းအားဖြင့် ရခိုင်ဒေသ၏ မွေးမြူရေးသည်လည်း တစ်ဖက်တစ်လမ်းက အဆင်ပြေအောင်မြင်လာမည်ဟု ဦးရွှေကျော်အောင်က ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ