အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ရခိုင်မှ ဆန်များအား ဘင်္ဂလားဒေ့ရှ်သို့ ပိုမိုတင်ပို့ခွင့်ပေးမည်ဟု စစ်ကောင်စီပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 993

နိရဥ္စရာ ၊ ဧပြီ ၄/ ၂၀၂၃

ရခိုင်ပြည်နယ်မှ ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပိုမိုတင်ပို့ခွင့်ပေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောဆိုလိုက်သည်။

ယမန်နေ့ ဧပြီလ ၃ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကရခိုင်ပြည်နယ်ဒေသထွက် ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့ပေးနိုင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပိုမိုတင်ပို့နိုင်ရေးခွင့်ပြုသွားမည်ဖြစ်ပါသည်ဟု ပြောဆိုခဲ့ကြောင်း ယနေ့ ဧပြီလ ၄ ရက်ထုတ် စစ်ကောင်ပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

သို့သော် ဆန်တန်ချိန်မည်မျှ တင်ပို့ခွင့်ပေးမည်ဆိုသည်ကို တိတိကျကျပြောဆိုသွားခြင်းမရှိခဲ့ပါ။

ယခုကဲ့သို့ ရခိုင်ပြည်ဒေသထွက် ဆန်များအား စစ်တွေမြို့မှတစ်ဆင့် တခြားနိုင်ငံများသို့ တင်ပို့ခွင့်ရလျှင် ဒေသအတွင်း လယ်သမားများနှင့် လုပ်ငန်းရှင်များအတွက် အကျိုးရှိနိုင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်ဘက်က ထွက်တဲ့ ဆန်တွေက ပြည်တွင်းစျေးကွက်တွေမှာပဲ ပိတ်မိနေတယ်လေ။ ရန်ကုန်တို့ကို တင်တယ်။ တရုတ်နယ်စပ်တွေလောက်ပဲ စျေးကွက်က ရှိတယ်။ ဆိုတော့ ဒီက စရိတ်စကနဲ့ ဘာနဲ့ဆိုတော့ အလှမ်းဝေးတဲ့အတွက်ပါ၊ ကုန်သည်တွေအတွက်ပါ အခွင့်အလမ်းက ထင်သလောက်မကောင်းဘူး။ ရသင့်တဲ့ အခွင့်အရေး မရဘူးပေါ့။ ဆိုတော့ ရခိုင်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်ဖြစ်၊ အိန္ဒိယကိုဖြစ်ဖြစ် ပို့ခွင့်ရလာရင် စီးပွားရေးအခွင့်အလမ်း တော်တော်များများရလာမယ်။ ရခိုင်ပြည်အတွက် အားသာချက်ရှိလာမယ်ပေါ့။ အဲဒီလိုမြင်ပါတယ်ဟု ဆိုသည်။

တစ်ဘက်တွင်လည်း လက်ရှိအခြေအနေတွင် လယ်သမားများလက်ထဲ၌ စပါးများ မရှိသလောက် နည်းသွားပြီဖြစ်၍ ယခုကဲ့သို့အခွင့်အလမ်းများမှာ လယ်သမားများအနေဖြင့် ခံစားခွင့်မရကြဘဲ ကုန်သည်များအတွက်သာ ပိုမိုအခွင့်အလမ်းဖြစ်နိုင်ကြောင်း ဦးခင်မောင်ကြီက သုံးသပ်ပြောဆိုသည်။  

ပြီးခဲ့သည့် စပါးစိုက်ရာသီအတွင်း ရခိုင်ပြည်နယ်တွင် စက်သုံးဆီနှင့် သွင်းအားစုများ စျေးနှုန်းမြင့်တက်ခဲ့မှုကြောင့် စပါးစိုက်လယ်ဧက (၈)သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ပြီး စပါးအထွက်နှုန်းမှာလည်း (၄၀)ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြောဆိုထားသည်။

ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက စပါးက ဝမ်းစာလောက်ပဲ ရှိပါတော့တယ်။ ရောင်းမဲ့ စပါးက မရှိဘူး။ ရလည်း မရလိုက်ပါဘူး။ လယ်က ထွက်တာက လယ်ငှားသမားကို ပေးရတာနဲ့၊ တခြား စက်သုံးဆီစရိတ်တွေ၊ ဘိလပ်မြေခတွေကို ပေးရတာနဲ့ ကုန်ပါပြီ။ ကျန်တာက ဝမ်းစာလောက်ပဲ ကျန်ခဲ့ပါတယ်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာအစိုးရချင်း ချိတ်ဆက်သည့်စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာနမှဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစာချွန်လွှာအရ ရခိုင်ဒေသထွက် ဆန်တန်ချိန် ၂၅ဝဝ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကို တင်ပို့ပေးနိုင်ခဲ့ပြီဟုလည်း သိရသည်။ (NN-18)

ဆက်စပ် သတင်းများ