စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မုန်တိုင်းသင့်ရခိုင်လယ်သမားများကို စစ်ကောင်စီပေးသည့်မျိုးစပါး အလွန်နည်းပါး၊ လယ်ဧကဝက်တောင် မကြဲလောက်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 452

မုန်တိုင်းသင့်ရခိုင်မြို့နယ်များမှ လယ်သမားများအား စစ်ကောင်စီကပေးသည့် မျိုးစပါးမှာ အလွန်နည်းပါးလွန်းပြီး လယ်ဧကဝက်လောက်တောင် မကြဲလောက်ကြောင်း လယ်သမားများက နိရဥ္စရာသို့ပြောသည်။

စစ်ကောင်စီသည် ရခိုင်မှမုန်တိုင်းသင့်လယ်သမားများအတွက် မျိုးစပါးတင်း ၇ သောင်း ကျော်အား  ပြည်မဘက်မှ ဝယ်ယူထားပြီး မျိုးစပါးများပေးအပ်နေကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် နေ့စဥ်ဆိုသလိုဖော်ပြလျက်ရှိသည်။

ယင်းမျိုးစပါးများမှာ ဧရာဝတီတိုင်း မြောင်းမြ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းဒေသထွက် ပေါ်ဆန်းရင်မျိုးစပါး၊ ဖျာပုံဒေသထွက် ကျားပျံမျိုးစပါး၊ ရန်ကုန်တိုင်း တွံတေးဒေသထွက် ပေါ်ဆန်းရင်၊ ပဲခူးတိုင်း ရေတာရှည်ဒေသထွက် နှံကောက်မျိုးစပါး၊ နေပြည်တော်မှ ဂရိတ်ဝေါ GW-11 မျိုးစပါးစသည့် မျိုးစပါးများဖြစ်ကြသည်။

သို့သော်လည်း လယ်သမားများမှာ မျိုးစပါးတင်းဝက်ခန့်ပင်မရရှိဘဲ တောင်းငယ် တစ်တောင်း ခန့်သာ အများဆုံး ရရှိကြောင်း ဇူလိုင်လ ၆ ရက်က စစ်ကောင်စီက ပေးသည့်မျိုးစပါးလက်ခံရယူခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"၄ တောင်းအိတ်ပုံစံမျိုး ၂ တောင်းအိတ် ၂ အိတ်ကို လယ်သမားသုံးယောက်ခွဲဝေရပါတယ်။ တောင်းငယ် တစ်တောင်းကျော်လောက် ရပါတယ်။ အဲဒီအတိုင်းတာလောက်နဲ့ဆိုတော့ လယ်ဧကဝက်လောက်တောင် မကြဲနိုင်ပါဘူး" ဟု သူကပြောသည်။

စစ်ကောင်စီကပေးသည့် မျိုးစပါးရရှိရန် လယ်သမားများအနေဖြင့် ကျေးရွာအုပ်ချုပ်ရေး ထံတွင် စာရင်းပေးသွင်းရပြီး မျိုးစပါးများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် လက်ခံရယူခဲ့ရခြင်းဖြစ်ကြောင်း သူကပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က မိုခါဆိုင်ကလုန်းမုန်တိုင်းအတွင်း ရခိုင်လယ်သမားများ၏ လယ်မြေများ၊ မျိုးစပါးများနှင့် လယ်ယာသုံး ကျွဲနွားတိရစ္ဆာန်များ အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မုန်တိုင်းအလွန် ထွန်ယက်စိုက်ပျိုးချိန်တွင် ဘက်ပေါင်းစုံ ကျပ်တည်မှုရှိနေသည့် လယ်သမားများမှာ ထွန်ယက် စိုက်ပျိုးစရိတ်နှင့် မျိုးစပါးအခက်အခဲများကြုံနေရခြင်းဖြစ်သည်။

လယ်သမားများမှာ မုန်တိုင်းအတွင်း ရေစိုပျက်စီးခဲ့သည့် မျိုးစပါးများကိုနေပူထုတ်လှန်း၍ စိုက်ပျိုးနေကြရပြီး အဆိုပါမျိုးစပါးများ ဖြစ်ထွန်းရှင်သန်မှုအတွက် စိုးရိမ်မှုရှိနေကြသည်ဟု ဆိုသည်။

စစ်ကောင်စီက မျိုးစပါးများပေးနေသော်လည်း လယ်သမားများရရှိသည့် မျိုးစပါးပမာဏနှင့် ထွန်ယက်မြေအတိုင်းအတာမှာ ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ အလွန်နည်းပါးကြောင်း လယ်သမားများက နိရဥ္စရာသို့ပြောဆိုကြသည်။

ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှ လယ်သမားတစ်ဦးကလည် "ရွာမှာကတော့ လယ်သမား ၁၀၀ ကျော်လောက်ရှိပါတယ်။ တစ်ရွာလုံးလိုလို လယ်လုပ်ကြတာပါ။ လယ်သမားတစ်ယောက်ကို တောင်းငယ် တစ်တောင်းလောက် ရပါတယ်။ အလွန်နည်းပါတယ်။ လယ်သမားတွေမှာလည်း အခက်အခဲရှိတော့ ရသလောက်လေးယူကြရတယ်" ဟု ပြောသည်။

၄င်းတို့ကျေးရွာတွင်လည်း တစ်ရွာလုံးနီးပါးလယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး လယ်မြေဧကအများအပြားရှိသော်လည်း လယ်သမားတစ်ဦးလျှင် မျိုးစပါးတစ်တင်း၏ သုံးပုံတစ်ပုံခန့်ရှိသည့် တောင်းငယ်တစ်တောင်းသာ ရရှိကြောင်း သူကပြောသည်။

"ကျွန်တော်တို့ရတဲ့ စပါးတောင်းငယ်တစ်တောင်းက လယ်ဧကဝက်တောင် မကြဲနိုင်ပါဘူး"ဟု သူက ပြောသည်။

မုန်တိုင်းကြောင့် အကြီးကျယ်ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ဒေသမှ လယ်သမားများမှာ မျိုးစပါးအခက်အခဲအပြင် ဓာတ်မြေဩဇာ အခက်အခဲများလည်း ရှိနေကြပြီး စစ်ကောင်စီအနေဖြင့် ယခုထက်ထိထိရောက်ရောက် ကူညီသင့်ကြောင်း ရခိုင်ကလူမှုရေး တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးကပြောသည်။ (NN-23)

 

ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

ဆက်စပ် သတင်းများ