စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မုန်တိုင်းသင့်ရခိုင်ပြည်သူများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကိုခံစားနေကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 597

စ်ကောင်စီ လေဘေးကယ်ဆယ်ရေးအကူအညီများကို တားမြစ်ပိတ်ပင်မှုက ရခိုင်လူထု၏ စိတ်ခံစားမူကို ပိုမိုဆိုးရွားစေဟုဆို

ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် အကြီးမားဆုံးနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်သည့်  မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် သန်းနှင့်ချီသော ရခိုင်ပြည်သူတို့သည် ယခုအချိန်ထိ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး၏ ထိခိုက်မှုကို ကြီးမားစွာကြုံတွေ့ ခံစားနေကြရဆဲ ဖြစ်သည်ဟု ရခိုင်ကျောင်းသားခေါင်းဆောင်များနှင့် ဒေသအတွင်း လူမှုရေးလှုပ်ရှားတက်ကြွသူများက ပြောဆိုသည်။

နိုင်ငံ၏ လက်ရှိအာဏာရှိအဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် မုန်တိုင်းအလွန် လတာ နီးပါးရှိသည့် ယနေ့ အချိန်ထိ ရခိုင်ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုအပထား၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုပင် ကုစားပေးနိုင်စွမ်းမရှိသေးကြောင်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂခေါင်းဆောင် လူငယ်တစ်ဦးက ပြောသည်။

 

မုန်တိုင်းပြီးတဲ့နောက်မှာ စစ်ကောင်စီက ပြည်သူတွေကို လှူဒါန်းတာတွေရှိတယ်။ ဆန်တွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေပေါ့။ အဲဒါလည်း ဒီမီဒီယာလောကမှာ ပိုပြီးဝေဖန်မှုတွေများခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တရွာလုံး ပေါင်းပြီး သွပ် ၁၀ ချပ်လှူတာတို့၊ ဆန်ဆိုရင်လည်း တစ်အိမ်ထောင်စုကို တစ်နပ်စာလှူဒါန်းတာတို့၊ အဲဒီလို နည်းနည်းလေး ထောက်ပံ့တာမျိုးပေါ့။ ပြည်သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်အနေနဲ့ဆို စစ်ကောင်စီရဲ့ ထောက်ပံ့မှုက အလွန် ရှက်စရာကောင်းတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။




မုန်တိုင်းသင့်ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များဖြစ်သည့် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် ထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီက လုံလောက်မပေးနိုင်ခြင်းအပေါ်ကြည့်၍ ပြန်လည်ထူထောင်ရေးကဏ္ဍတွင် စစ်ကောင်စီ၏စွမ်းဆောင်မှုအခြေအနေကို မြင်တွေ့နိုင်ကြောင်း ပြောဆိုကြသည်။

ထိုနည်းတူ စစ်ကောင်စီသည် လေဘေးသင့်ပြည်သူတို့၏ မုန်တိုင်းအလွန် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မကုစားပေးနိုင်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူညီကိုပိတ်ပင်ခြင်း၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများ ကူညီမှုကိုအဟန့်အတားပြုလုပ်ခြင်းများကလည်း မုန်တိုင်းသင့်ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာကို ပိုမိုထိခိုက်စေပြီး လဲရာဖိထောင်း အခြေအနေမျိုး ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"စစ်ကောင်စီကခန့်ထားတဲ့ဝန်ကြီးတွေဆိုရင်လည်း ပြည်သူတွေအပေါ်မှာ အာရုံမစိုက်ဘူး။ တချို့ဝန်ကြီးတွေဆိုရင် တကယ်ပြည်သူလူထုဒုက္ခရောက်နေတဲ့နေရာတွေကို သွားပြီးနှစ်သိမ့်ပေးတဲ့ ပုံစံမျိုးတောင်မရှိဘူး။ ဆိုတော့ စစ်ကောင်စီအစိုးရအနေနဲ့ လေဘေးသင့်ပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာအရလည်း မကုစားနိုင်၊ စိတ်ပိုင်းဆိုင်ရာလည်း မကုစားနိုင်ပါဘူး။ ပရဟိတသမားတွေ ကူညီနေတာကိုတောင် စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ပြီးတော့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာပဲ" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်တိုက်ခတ်ခဲ့သေ မုန်တိုင်းများအနက် ၂ဝ၁ဝ ပြည့်နှစ်ကတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း ဂီရိ၊ ၂ဝဝ၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သောမာလာမုန်တိုင်း၊ ၂ဝ၁၅ ခုနှစ်တွင်တိုက်ခတ်ခဲ့သော ကိုမန်ဆိုင်ကလုန်းမုန်တိုင်းနှင့် ၂ဝ၁၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သော မိုရာဆိုင်ကလုန်းမုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သော်လည်း ယခု မိုခါဆိုင်ကလုန်းမုန်တိုင်းမှာ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ကြောင်း သိရှိရသည်။

မုန်တိုင်းအလွန် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကျပ်သိန်း သောင်းကို ထောက်ပံ့ လှူဒါန်းခဲ့သည်ဟုဆိုသော်လည်း  ပြည်သူလူထုကို ထောက်ပံ့သည်ဟု နာမည်ကောင်း ယူရုံမျှသာဖြစ်ပြီး  ပြန်လည် ထူထောင်ရေးလုပ်ငန်းမှာ မုန်တိုင်းတိုက်ပြီး ၂ လအလွန်ထိ မယ်မယ်ရရ လုပ်ဆောင်သည် မရှိဟု  ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။




စစ်ကောင်စီက ၄င်း၏ပုံရိပ်ထပ်မံမကျဆင်းစေရန်သဘောဖြင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးသည်ဟု ဆိုရာတွင်လည်း တစ်အိမ်ထောင်စုကို မာမီးခေါက်ဆွဲတစ်ထုပ်၊ ဆီအနည်းငယ်၊ ဆန်တစ်နပ်စာ ပိုပိုသာရရှိကြောင်း မုန်တိုင်းသင့် ပြည်သူများနှင့် လူမှုတက်ကြွလှုပ်ရှားသူများက နိရဥ္စရာသို့ ပြောဆိုကြသည်။

အလားတူ မုန်တိုင်းကြောင့် နေအိမ်၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ မျိုးစပါးများပျက်စီးသွားပြီး ဒုက္ခအကြီးကျယ် ရောက်နေသည့် ရခိုင်လယ်သမားများကို စစ်ကောင်စီကမျိုးစပါး ထောက်ပံ့ပေးသည်မှာလည်း အလွန်နည်းပါးကြောင်း လယ်သမားများကနိရဥ္စရာသို့ပြောဆိုကြသည်။

မုန်တိုင်းသင့်ပြည်သူများကို ကွင်းဆင်းကူညီထောက်ပံ့ပေးနေသည့် ရသေ့တောင်မြို့နယ်မှ လူမှုရေး တက်ကြွ လှုပ်ရှားသူလူငယ်တစ်ဦးက "စစ်ကောင်စီမှာက ပြည်သူကိုစေတနာထားတဲ့လူ မရှိသလောက်နည်းတယ်။ အခွင့်အရေးသမားတွေပိုများပြားတယ်။ ပြီးတော့ သူတို့ရဲ့ဝန်ထမ်းတွေကြား အဂတိလိုက်စားမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကြား ပြည်သူတွေဆီဘာမှရောက်မလာဘဲ အလေအလွင့် ပျောက်သွားတာအရမ်းများတယ်။ ဥပမာအားဖြင့် မြို့နယ်ကိုရောက်လာပြီးမှ မြို့နယ် အုပ်ချုပ်ရေးပိုင်းတွေလက်ထဲမှာမှ ပျောက်သွားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေများတယ်။ တကယ့်တကယ်ဒုက္ခရောက်နေတဲ့လူတွေလက်ထဲကို မရောက်ဘူး" ဟုပြောသည်။

သူကဆက်လက်ပြီး "စစ်ကောင်စီက များမကြာခင်ကပဲ NGO တွေ၊ INGO တွေ၊ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေကို အနှောင့်အယှက်အတားဆီးလုပ်ခဲ့တာတွေက အများကြီးရှိတယ်။ အခုဆိုလည်း ဆန်၊ အိမ်ဆောက်ပစ္စည်း၊ စားနပ်ရိက္ခာပစ္စည်းတွေပါမကျန် နယ်လုံဝန်ကြီးလက်မှတ်ပါမှ သယ်ယူခွင့် ပေးမယ်ဆိုပြီး ကန့်သတ်ချက် အများကြီးလုပ်လိုက်တယ်။ ဒီဟာက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ သူတို့မှာတာဝန်ရှိတာကို မကူညီတဲ့အစား သူတို့ကိုယ်၌က မုန်တိုင်းသင့်ပြည်သူတွေကို ဒုက္ခအများကြီးပေးလိုက်တာဖြစ်ပါတယ်" ဟု ပြောသည်။

မေလ ၁၄ ရက်က ရခိုင်ဒေသကိုဗဟိုပြုတိုက်ခတ်ခဲ့သည်မိုခါဆိုင်ကလုန်းမုန်တိုင်းသည့် ဇူလိုင် ၁၄ ရက်ဆိုလျှင် နှစ်လတိတိပြည့်တော့မည်ဖြစ်သည်။

 

သန်းနှင့်ချီသော ရခိုင်ပြည်သူလူထုမှာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြုံတွေ့နေရဆဲဖြစ်သည့် အပြင် စစ်ကောင်စီက ကယ်ဆယ်ရေးအဖွဲ့အစည်းများကို ကန့်သတ်မှုများကြောင့် ပိုမို ဆိုးရွားလာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။ (NN-23)

 

ဓာတ်ပုံ- NP News

ဆက်စပ် သတင်းများ