သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

အီရတ် မင်္ဂလာဆောင်တစ်ခုတွင် မီးလောင်၍ လူပေါင်း ၁၀၀ ကျော် သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 794

အီရတ်နိုင်ငံ မြောက်ပိုင်း၊ ဟမ်ဒါနီးယားမြို့ မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အင်္ဂါနေ့ ညပိုင်းက အီရတ်မြောက်ပိုင်း နီနေဗက်ရှ်ပြည်နယ် အယ်ဟမ်ဒါနီးယားမြို့တွင် ပရိသတ် ရာပေါင်းများစွာ တက်ရောက်သော မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် ရုတ်တရက် မီးလောင်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွါးရသည့် အကြောင်းရင်းကို မသိရှိသေးသော်လည်း ကနဦးသတင်းများအရ မီးရှူး မီးပန်း ပစ်ဖောက်ရာမှ မီး စတင် စွဲလောင်သည်ဟု သိရသည်။

 သေဆုံးသွားသူများထဲတွင် သူတို့သမီး နှင့် သူတို့သား ပါဝင်သွားခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

အစောပိုင်းသတင်းများတွင် သူတို့သမီးရော သူတို့သားပါ မီးလောင်သေဆုံးသွားပြီဟု ဆိုသော်လည်း ဒေသ သတင်းမီဒီယာ နီနာက အသက်မသေဘဲ နှစ်ဦးစလုံး မီးလောင်ဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်ဟု ဆိုသည်။

 

ဒေသခံ သတင်းထောက်များက ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည့် ဓါတ်ပုံများအရ သေဆုံးသွားသူများ၏ မီးကျွမ်းနေသော ရုပ်အလောင်းများကို မင်္ဂလာခန်းမဆောင်ထဲတွင် မြင်တွေ့ရပြီး မီးသတ်သမားများက ဆက်လက်မီးငြိမ်းသတ်နေကြသည်ကို တွေ့ရှိရသည်။


အီရတ်နိုင်ငံပိုင် သတင်းဌာန INA ၏ ဖော်ပြချက်အရ မီး​လောင်လွယ်သော ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဖြင့်တည်ဆောက်ထားသည့် မင်္ဂလာခန်းမဆောင်ကြောင့် မီးကူးစက်မှု လျင်မြန်ခဲ့ပြီး မျက်နှာကျက်ပါ ပြိုကျခဲ့သည်။

 

မီးလောင်လွယ်ပြီး စျေးပေါတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကြောင့် မီးလောင်ပြီး ခဏအတွင်း အဆောက်အဦ အစိတ်အပိုင်းတွေ ပြိုကျသွားရတာပါဟု အီရတ် အရပ်ဖက်ကာကွယ်ရေးအဖွဲ့ ရုံးက ပြောဆိုခဲ့သည်။

 

 ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ မီးသတ်သမားများက မီးလောင်ပြင်တွင် မီးငြိမ်းသတ်နေကြဆဲဖြစ်သည်။

 

 မျက်မြင်သက်သေများ၏ အဆိုအရ အင်္ဂါနေ့ ည ၁၀:၄၅ နာရီ မီးစတင်လောင်ချိန်တွင် ခန်းမဆောင်အတွင်း လူရာပေါင်းများစွာ မင်္ဂလာပွဲဆင်နွှဲနေကြသည်ဟု ဆိုသည်။

 

နီနေဗက်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဟာဆန် အယ်လ် အာလက်က သေဆုံးသူစုစုပေါင်း ၁၁၃ ဦးရှိပြီဟု ရိုက်တာသို့ အတည်ပြုပြောကြားခဲ့သည်။

 

NN-27

 ref:BBCWorld

ဆက်စပ် သတင်းများ