ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေရှိ အရပ်ဘက်အဖွဲ့အစည်းနှစ်ခုကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

(ခရီးသွားလာခွင့်ကို ပိတ်ပင်တားမြစ်မှုရှိဟုဆို)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းနှစ်ခုကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝင်ရောက်ရှာဖွေခဲ့ပြီး စစ်ကောင်စီ၏  ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာမှုမပြုလုပ်ရန် တားမြစ်ထားသည်ဟု သတင်းရရှိသည်။

ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးက " ကျွန်တော်တို့ ရုံးကို ဝင်လို့စစ်ပြီးတော့ သူတို့ ခွင့်ပြုချက် မရှိဘဲ ခရီးတွေဘာတွေမသွားနဲ့ မလုပ်နဲ့ဆိုပြီးပြောခဲ့တယ်။ အရပ်ဝတ်တချို့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေပါတယ်။ အခုချိန်မှာဆိုရင် သူတို့က စောင့်ကြည့်ခံနေရတဲ့ အခြေအနေမှာ ရှိနေတယ်" ဟု ပြောသည်။

စစ်ဆေးခံရသည့် အဖွဲ့အစည်းနှစ်ခု အမည်ကို လုံခြုံရေးကြောင့် ထုတ်ဖော် မပြောနိုင်သော်လည်း လက်ရှိတွင် တာဝန်ရှိသူများမှာ တိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ဝင်ရောက်စစ်ဆေးသည့်နေ့က ၎င်းအဖွဲ့အစည်း၏ တာဝန်ရှိသူအကြီးပိုင်းများ မရှိသဖြင့် အဖွဲ့အစည်းရှိ ဝန်ထမ်းများကို ၎င်းတို့ခွင့်ပြုချက်မရှိဘဲ ခရီးမထွက်ရန်၊ လုပ်ငန်းကိစ္စရပ်များ မဆောင်ရွက်ရန် သတိပေးခဲ့ကြောင်း သူမက ပြောသည်။

ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး အပိုင်းတွင် အစိုးရနှစ်ရပ်ဖြစ်နေပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရ နှစ်ဘက်စလုံး၏အရိပ်အကဲကို သတိထားကာ လုပ်ဆောင်နေရသည်ဟု သူက ဆက်ပြောသည်။

"အစိုးရနှစ်ရပ်ကြားမှာအလုပ်လုပ်နေရတော့ ဟိုဘက်လည်း သတိထားရတယ်။ ဒီဘက်ကိုလည်းသတိထားနေရတယ်။ အလုပ် လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးကခွင့်ပြုချက်တွေလည်း တောင်းနေရတယ်။ အခြေအနေက အန္တရာယ်ကြားထဲ ရောက်နေသလိုဖြစ်နေတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် အားလုံးကိုစဉ်းစားချင့်ချိန်ရတယ်။ လူမှုအဖွဲ့အစည်းတွေ အလုပ်လုပ်ရတာမလွတ်လပ်ဘူး။ စောင့်ကြည့်ခံနေရတယ်" ဟုပြောသည်။

လက်ရှိ ရခိုင်မှအရပ်ဘက်အဖွဲ့အစည်းများသည် စစ်ကောင်စီ၏ စောင့်ကြည့်ခြင်းကိုခံနေရပြီး အဖွဲ့အစည်းတစ်ချို့မှာလည်း တိမ်းရှောင်နေရသည်ဟု စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

"တချို့ကလည်း အပြစ်မရှိပေမဲ့ စစ်ကောင်စီနဲ့မပတ်သက်ချင်လို့ ရှောင်နေကြတာတွေလည်း ရှိတယ်။ တရားဝင်မှတ်ပုံတင်ရှိရှိ မရှိရှိ သူတို့က မထင်ရင်မထင်သလို လုပ်မှာ။ သတိကြီးကြီးထားပြီးလုပ်နေကြရတယ်။ အလုပ်တွေလုပ်ရတာ လုံးဝအဆင်မပြေတော့ဘူး" ဟုပြောသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ယခင်ကပင် အရပ်ဘက်အဖွဲ့အစည်းများကို လူသားချင်း စာနာ ထောက်ထားမှု၊ အကူအညီများ ပေးဆောင်ရာတွင် ၎င်းတို့၏ခွင့်ပြုချက်မရဘဲ မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားပြီးသား အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ဥပဒေအသစ်နှင့် အချက်အလက်များ ပြန်လည် တင်ပေးရမည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကို ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်းကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ရခိုင်ရှိအရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် လုံ/နယ်ဝန်ကြီးတို့က တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပတ်သက်ရန် မှာကြားခဲ့သည်။

ထို့အပြင် ပြည်နယ်စစ်ကောင်စီသည် စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်ကစပြီး UN၊ INGO၊ NGO အဖွဲ့အစည်းများက သင်တန်းများ လက်ခံဆောင်ရွက်မည်ဆိုပါက မကျင်းပမီ တစ်ပတ်ကြိုတင်ကာ ပြည်နယ်စစ်ကောင်စီသို့ တင်ပြရမည်ဟု စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်းများထံသို့ အကြောင်းကြားစာပေးပို့ထားသည်။

ထိုသို့စစ်ကောင်စီ၏တားမြစ်မှုများကြောင့် အဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ၊ အခက်အခဲများစွာဖြစ်နေကြရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်ကလည်း စစ်တွေမြို့ရှိ Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်တစ်ဦးနှင့် ရုံးစောင့်တစ်ဦးကိုဖမ်းဆီးအမှုဖွင့်ကာ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးရှိစက်ပစ္စည်းများ၊ စာရွက်စာတန်းများကိုလည်း သိမ်းဆည်းသွားသည့်အပြင် ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။ (NN-8)

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ