တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ပန်းမြောင်းရွာအနီးတဝိုက်ကို စစ်ကောင်စီက စစ်လေယာဉ်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူများထွက်ပြေးရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများကို ယနေ့နေ့လယ် ၂ နာရီခန့်က စစ်လေယာဉ်များ လာရောက် ပစ်ခတ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်နေသဖြင့် ပန်းမြောင်းဒေသခံများ ထွက်ပြေးနေရသသတင်းရရှိသည်။

 

ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်တို့ရှိ စစ်ကောင်စီ၏ စစ်စခန်းများတွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်သားများနှင့်  ရိက္ခာအင်လာချစဉ် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

 

"ပန်းမြောင်းကနေပြေးလာတဲ့ ရွာသားတွေကို လှမ်းပစ်တယ်။ ပြေးလာတဲ့လမ်းမှာလည်း သေနတ်တွေနဲ့လည်းပစ်သေးတယ်။ သူတို့မှာ(စစ်ကောင်စီ) လူတွေလာချပြီးရင် ရွာဘက်တွေမှာ ပျံဝဲနေသေးတယ်။ လေယာဉ်တစ်စီးပထမဆုံး လူချဖို့လာတုန်းက လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော စပါးစေ့ကြဲသလိုချတယ်။ ပန်းမြောင်းနဲ့ ဂုဏ်ကျွန်းရွာကြားက ငါးရက်ဖြူချောင်းထဲကိုလည်း ပစ်တယ်" ဟုပြောသည်။

 

စစ်ကောင်စီက ထိုသို့ စစ်လေယာဉ်နှစ်စီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူနေကျေးရွာများဖြစ်သည့် ပန်းမြောင်းကျေးရွာ ရွာဟောင်း၊ ရွာသစ်နှင့် အစရှိသည့်ကျေးရွာတို့ကို ရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာဒေသခံအများအပြားသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

 

"ပြေးလာကြတဲ့ လူတွေအများကြီးပဲ။ အထိအခိုက်တော့မရှိဘူး။ အထဲကိုရှောင်ခံကြလို့။ လေယာဉ်ဝဲပျံလာတော့ ကြောက်ကြလို့ပြေးကြတယ်လေ။ ရွာမှာလည်း စစ်စခန်းရှိတော့ကြောက်ကြတယ်။ အထိုင်စခန်းတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ လေယာဉ်ကလည်းချတယ်" ဟုပြောသည်။

 

လက်ရှိ ညနေလေးနာရီကျော်သည့်အချိန်ထိလည်း ပန်းမြောင်းအနီးတဝိုက်တွင် စစ်လေယာဉ်များ ဝဲပျံနေသေးကြောင်း ဒေသခံများကပြောသည်။

 

ယမန်နေ့ဒီဇင်ဘာလ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ကျိန်းတောင်ဘုရားပေါ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြားမြို့ထဲရှိ ဆော့ကစားနေကြသည့် ကလေးများထံ ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြသည်။

 

(NN-8)

ဓာတ်ပုံ- လက်နက်ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသည့် ပန်းမြောင်းဒေသခံများ

ဆက်စပ် သတင်းများ