သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေမြို့မှ စစ်ကောင်စီဌာနဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်အိမ်စီးကားများကို ရန်ကုန်သို့ သင်္ဘောကြီးဖြင့် ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 8.5k

တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ စစ်ကောင်စီအရာရှိများ၏ အိမ်စီးကားများနှင့် ဌာနဆိုင်ရာကားများအပါအဝင် ပုဂ္ဂလိကပိုင် အိမ်စီးကားများကို ရန်ကုန်သို့ ကုန်တင်သင်္ဘောကြီးဖြင့် ရွှေပြောင်း ပို့ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးအပတ်က စစ်ကောင်စီ အရာရှိများ၏ အိမ်စီးကား ၇၀ ကျော်ခန့်ကို စစ်တွေမြို့ ရွှေပြားရပ်ကွက်အနီးရှိ ကိုးရီးယားဆိပ်ကမ်းမှ ကုန်တင် သင်္ဘောပေါ်သို့ တင်ကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

“ကားက အိမ်စီးကားလေးတွေပါ။ အဖြူရောင်ကားတွေ၊ အမဲရောင် အိမ်စီးကားလေးတွေပါ။ အားလုံး အိမ်စီးကားတွေချည်းပဲ။ စစ်ကောင်စီ ဌာနဆိုင်ရာ အရာရှိ ကားတွေရော၊ စစ်တွေကနေ ရန်ကုန် ရောက်နေတဲ့ သူဌေးတွေရဲ့ ကားတွေလည်းပါတယ်။ ကိုးရီယားဆိပ်ကမ်း ရွှေပြားဘက်ကနေ ကားတွေကို တင်သွားတာပါ” ဟုပြောသည်။

ရခိုင်မြောက်ပိုင်းတစ်ခွင်ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်နေပြီဖြစ်၍ စစ်တွေမြို့တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ယခုကဲ့သို့ ပြည်နယ်အစိုးရရုံးစိုက်ရာ စစ်တွေမြို့မှ စစ်ကောင်စီ အရာရှိများ၏ကားများနှင့် ဌာနဆိုင်ရာကားများကို ရွှေ့ပြောင်းနေခြင်းဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။


“ဒါကလည်း တိုက်ပွဲဖြစ်မလာနိုင်ဘူးလို့လည်း ပြောလို့မရဘူး။ စစ်တွေ ဒကစကို အေအေ တိုက်ရင် စစ်တွေလည်း ကျမှာပဲ။ ဒါကြောင့် ဝန်ကြီးတွေလည်း အစကတည်းက ကြိုတင်ပြင်ဆင်ထားတယ်နဲ့ တူပါတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်လာရင် သူတို့အတွက် ဆုံးရှုံးမှုတွေက ကြီးမားနိုင်တယ်။ ဒါကြောင့်လည်း ရွှေ့ပြောင်းကောင်း ပြောင်းနိုင်တာပေါ့” ဟုပြောသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်လည်း မော်တော်ယာဥ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ပိုင်ကားများကိုလည်း ရွေ့ပြောင်းသွားရန်ရှိသည်ဟု မထသနှင့် နီးစပ်သူတစ်ဦးကဆိုသည် ။

“ဒီရက်ပိုင်း မထသက ကားတွေကို ဇက်နဲ့ ရန်ကုန်ပို့မယ်လို့ သတင်းရထားတယ်။ ၇၀ လောက် ဖြစ်မယ်။ အခုက ပုဏ္ဏားကျွန်းမှာလည်း တိုက်ပွဲတွေဖြစ်လာပြီဆိုတော့ စစ်တွေမှာလည်း ဖြစ်မှာစိုးလို့ သူတို့ဌာနဆိုင်ရာပိုင်တဲ့ ကားတွေကို ရန်ကုန်ကို ပို့တာဖြစ်နိုင်တယ်။ ဟိုတစ်နေ့တုန်းက အဲဒီဇက်သင်္ဘော ရန်ကုန်က ထွက်လာပြီကြားတယ်။ ဒီနေ့ ရောက်ချင်ရောက်နိုင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ရက္ခိုင်တပ်တော်က စစ်ကောင်စီ စစ်စခန်းများအား တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် သိမ်းပိုက်နေပြီး စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်၊ တပ်ရင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားသည်ဟု သိရှိရသည်။

လက်ရှိတွင် ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့နှင့် ရေမိုင် ၁၅ မိုင်ခန့်သာကွာဝေးသည့် ပေါက်တောမြို့၊ မင်းပြားမြို့၊ ကျောက်တော်၊ မြောက်ဦးနှင့်  ပလက်ဝမြို့တို့ကို ရက္ခိုင့်တပ်တော်မှ ထိန်းချုပ်ထားပြီး ဖြစ်သည်။


ထို့အပြင် ရက္ခိုင့်တပ်တော်သည် ဘင်္ဂလား-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့နယ်မှ တောင်ပြို(လက်ဝဲ)မြို့နှင့် တောင်ပြို(လက်ယာ)မြို့ကိုလည်း သိမ်းပိုက်ထားပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်သည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် ရခိုင်ပြည် မြောက်ပိုင်းရှိမြို့နယ်များဖြစ်သည့် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲများစတင်ခဲ့သည့် အချိန်ကလည်း စစ်တွေရှိ စစ်ကောင်စီအရာရှိများ၏ မိသားစုဝင်များမှာ ရန်ကုန်နှင့် နေပြည်တော်သို့ ပြောင်းသွားခဲ့သည်များလည်း ရှိသည်။

အကယ်၍ စစ်တွေမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပါကလည်း လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ပြည်နယ်အစိုးရရုံးကို ရခိုင်ပြည် သံတွဲမြို့သို့ ပြောင်းရွေ့နိုင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

(ပုံစာ- ပို့ဆောင်သည့် ကားများကို သင်္ဘောပေါ်တင်နေသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ