ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မောင်တော ကရုဏာကွန်ရက်ရုံး ဖောက်ထွင်းခံရ (လူနာတင်ကား လေးစီး၏ ကားဘက်ထရီနှင့် ကားသော့များ ခိုးယူခံရ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 281

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့ရှိ လူမူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရုဏာကွန်ရက်ရုံးကို ယမန်နေ့ ဧပြီလ ၁ဝ ရက်နေ့တွင် ဖောက်ထွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ကရုဏာကွန်ရက်ရုံးမှ လူနာတင်ဆောင်ရန်အသုံးပြုနေသည့် လူနာတင်ကား ၄စီးရှိ ဘက်ထရီများ၊ ကားသော့များကို ဖောက်ထွင်းယူဆောင်သွားကြောင်း ဂရုဏာကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာကိုပြောသည်။

“ ရုံးမှာ အခုလို အခြေနေမျိုးမှာ လူမနေဘူး။ မနေ့က နာရေးရှိလို့ ကားကိုသွားထုတ်တဲ့အချိန်မှာ ကား ၄စီး ဖောက်ထွင်းခံရတယ်။ ကားဘတ်ထရီတွေ သော့တွေကို ယူသွားတယ်။  အဓိက စစ်ကောင်စီပဲလုပ်တာ။ရုံးထဲက ပစ္စည်းတွေ တခုမှ ယူမသွားဘူး” ဟုပြောသည်။

ဖောက်ထွင်းခံရမှုမှာ ရည်ရွယ်ချက်ရှိရှိ  သွားလာလို့မရအောင်ပြုလုပ်သည့် လက္ခဏာများကိုတွေ့ရပြီး ရုံးအတွင်းပိုင်းတခုလုံးကိုလည်း ဝင်ရောက်မွှေနှောက်သွားသည်ဟု ၎င်းကပြောသည်။

“ ပါဆင်နယ်အရတော့ စစ်သားတွေ ဝင်မွှေတဲ့ပုံစံပါ။ ကားတွေကို အဓိကထားပြီး သွားလာလို့မရအောင်လုပ်တာ။ ဒါကမလုပ်သင့်တဲ့ကိစ္စပါ။ အရေးပေါ်လူနာတွေရှိရင်တော့ ဒုက္ခအများကြီးနဲ့ကြုံရတော့မှာပါ” ဟုပြောသည်။

မောင်တောမြို့မှ စစ်ကောင်စီတပ်များမှာ အဆိုပါ လူမှုကူညီရေးအသင်းများကို အကြောင်းမျိုးမျိုးပြ၍ တားဆီးပိတ်ပင်ခြင်းများလုပ်ဆောင်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် မောင်တောမြို့နယ်မှ သက်ဆိုင်ရာ အာဏာပိုင်များအား ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးသဖြင့် ဖြစ်စဉ်အသေးစိတ်ကို တင်ပြနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီသည် မောင်တောမြို့ဆေးရုံကို မတ်လ အတွင်းက ပိတ်ထားပြီး ဆေးရုံအုပ်ကြီးဒေါက်တာနုကေသီစံနှင့် သမားတော်ကြီး တစ်ဦးကိုလည်း ဖမ်းဆီးဝရမ်းထုတ်ထားကြောင်းသိရသည်။

ယင်းအပြင် မောင်တောမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်‌အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီ ဝန်ထမ်းတစ်ချို့ မြို့ကို စွန့်ခွာသွားကြပြီဖြစ်သဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်း ပျက်ပြားနေပြီဖြစ်ကြောင်း မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ