အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 535

(ယခုရက်ပိုင်းအတွင်း သေဆုံးသူ (၅) ယောက်အထိရှိ)

နိရဉ္စရာ၊ ဩဂုတ် ၁၇/၂၀၂

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ယခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ၅ ဦးအထိ ရှိလာသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခဒေသသည် စစ်ဘေးနှင့် ရေဘေးများကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသောကြောင့် ကျန်းမာရေးစောင့်ရှောက်သည့် လုပ်ငန်းများတွင် ဆေးဝါးဆိုင်ရာ လိုအပ်မှုများရှိနေသည်ဟု ဆိုသည်။

ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားလျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီး လိုအပ်လျက်ရှိနေပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်နီးနားချင်းနိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ စေတနာ့ ဝန်ထမ်း အဖွဲ့များ အနေဖြင့် ဤလူနာများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆေးဝါးများကို အကူအညီ ပေးကြပါရန် အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အကူအညီလိုအပ်နေသောသူများကိုယ်စား အရေးပေါ် အကူအညီတောင်းခံအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာရက္ခတပ်တော်မှ လက်ရှိ ကယ်ထုတ်ထားသည့်  စစ်ပွဲရှောင်အရေအတွက်မှာ နှစ်သောင်းနီးပါး အထိ ရှိလာခဲ့ပြီး ကယ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် လူမျိုးမရွေးဘာသာမရွေး ကုသပေးလျက် ရှိသော်လည်း လူအရေအတွက် များပြားလွန်းသဖြင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက် ရှိနေသည်ဟု သိရသည်။  

ဆက်စပ် သတင်းများ