- Web Master
- ၂၀ ဧပြီ ၂၀၂၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသော လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ၏ နိုဝင်ဘာ ၁ ရက်နေ့အထိ ရရှိထားသောမှတ်တမ်းများအရ စစ်ကောင်စီက ဖမ်းဆီးထားစဥ် သေဆုံးသွားသော NLD ပါတီဝင် ၁၀၁ ဦးရှိပြီဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် NLD ပါတီဝင် စုစုပေါင်း ၁၂၉၀ ဦးရှိရာတွင် ဖမ်းဆီးထားစဥ်ကာလအတွင်း သေဆုံးသူ
လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါအဝင် ၁၀၁ ဦးရှိကြောင်း NLD၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် NLD ပါတီရုံးများအား ကျူးကျော်ဝင်ရောက်မှု
၁၆၀ ကြိမ်ရှိပြီး ပါတီဝင် ၄၀၇ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိပ်ပိတ်သိမ်းဆည်းခံရမှုတွင်
လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး ပါဝင်ကြောင်းလည်းထုတ်ပြန်ထားသည်။
ကမ္ဘာ့ဒီမိုကရေစီကျင့်စဥ်များအတိုင်း ပြည်သူလူထု၏လိုအင်ဆန္ဒများကို
လွတ်လပ်သောစိတ်ဆန္ဒဖြင့် ဆန္ဒမဲများ ပေးကာ တရားဝင်ဖော်ထုတ်ပြသပေးခဲ့ကြသည့်
အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် COVID-19 ကပ်ရောဂါ စိန်ခေါ်မှုများကြားမှ သန့်ရှင်းစွာ
ကျင်းပပေးနိုင်ခဲ့သည်မှာ ယနေ့တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်ကြောင်းလည်း
ထုတ်ပြန်ထားသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော
စစ်အုပ်စုသည် ယင်းတို့ လိုချင်သည့်ရလဒ် ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်း မှားယွင်းသည်ဟု
လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဥ်က တည်ဆဲ
ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မလုယူကာ
ပါတီခေါင်းဆောင်များ ကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုလည်း
ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ပြည်သူတို့၏ ဆန္ဒပြုချက်များနှင့် မျှော်လင့်ချက်များကို ရိုက်ချိုး
ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်ပြီး တိုင်းပြည်တဝန်း ပျက်စီးဆုံးရှုံးမှုများ
ဖြစ်ပေါ်စေကာ ဒေသတွင်းတည်ငြိမ်မှုကိုပါ ပျက်ပြားစေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊
လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များကိုလိုက်လံဖမ်းဆီးခြင်း၊
ပိုင်ဆိုင်မှုများကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ချိပ်ပိတ်ခြင်း၊
ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက်
ဖျက်ဆီးခြင်း၊ ပါတီပိုင် ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းတို့ကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်းလည်း
NLD ကထုတ်ပြန်ထားသည်။
ထို့အပြင် အရပ်သားပြည်သူတို့၏ အိုးအိမ်ပိုင်ဆိုင်မှုများကို
မီးရှို့ဖျက်ဆီးမှု ၁၄၉၈ ကြိမ်ရှိပြီး အိမ်ခြေ ၆၁၈၇၁ အိမ်
ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်း၊
ဖမ်းဆီးနှိပ်စက်ခြင်းနှင့် စစ်ကောင်စီ၏လက်အောက်ခံအဖွဲ့အစည်းများ၏
အကြမ်းဖက်သတ်ဖြတ်မှုတို့ကြောင့် သေဆုံးသူစုစုပေါင်း ၄၀၉၅ ဦးရှိရာတွင် ၅
ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ ၈၃ ကြိမ်ရှိပြီး
ယင်းသတ်ဖြတ်ခံရမှုတွင် အသက်မပြည့်သူ ၇၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉၉၁
ဦးရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား
ပြည်သူလူထုကအပ်နှင်းလိုက်သော ဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ
ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက်
ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်
တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး
အမြန်ဆုံးလွတ်မြောက်ရေးနှင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို
နိုင်ငံတကာဥပဒေများနှင့် အညီ ဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို
ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့်
ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြရန်လည်း တိုက်တွန်း ထုတ်ပြန်ထားသည်။