- Web Master
- ၂၁ ဧပြီ ၂၀၂၄
စိုးစံအောင်
၊ နိရဥ္စရာ၊ ဧပြီ ၂၀ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့မ ရဲစခန်းမှ နယ်ထိန်းရဲတစ်ဦးကို အာရက္ခတပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းမောင် အသက်(၅၀) ကျော်ဖြစ်ပြီး ဧပြီလ ၁၂ ရက်က စစ်တပ်ကလာရောက်ဖမ်းဆီးသွားရာ ယခုအချိန်ထိဖမ်းဆီးထားကြောင်း သိရသည်။
၄င်းကို အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ တောင်ကုတ်မြို့နယ်ရဲမှူး ကိုယ်တိုင် စစ်တပ်ကိုဖုန်းဆက်အကြောင်းကြားပြီးနောက် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
" တပ်ကြပ်ကြီး နယ်ထိန်းသန်းမောင်ကို AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးခံထားရတယ်။ မြို့နယ်ရဲမှူးကိုယ်တိုင် စစ်တပ်ကိုဖုန်းဆက်ပြီးတော့လာဖမ်းခိုင်းတာ" ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရဲဌာနအတွင်း ရာထူးအနိမ့်အမြင့်အလိုက် ဖိနှိပ်ဆက်ဆံမှုများရှိနေရာ သည်းမခံနိုင်တော့သည့် ရဲတပ်ဖွဲ့ဝင်များမှာ စခန်းမှထွက်ပြေးမှုဖြစ်စဥ်များ များပြားလာကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်များကိုဖမ်းဆီးမှုဖြစ်စဥ်များမှာလည်း ရဲဌာနအတွင်း အချင်းချင်းမကျေလည်မှုကြီးထွားလာရာမှတဆင့် ချောက်တွန်းမှုများကြောင့်ပင် ဖြစ်နိုင်ကြောင်း သူကသုံးသပ်ပြောဆိုသည်။
" သူတို့အချင်းချင်း မကျေနပ်လို့ချောက်တွန်းတာတွေပဲရှိမှာပေါ့။ ရာထူးကြီးသူက ကိုယ့်ထက်လက်အောက် ငယ်သားကို မတရားဖိနှိပ်ဆက်ဆံတာတွေလည်းရှိတယ်လေ။ အဲဒါတွေကြောင့်ပဲစခန်းကကထွက်ပြေးတာတွေလည်း မကြာခဏကြားလာရတယ်" ဟု သူကပြောသည်။
တောင်ကုတ်မြို့မရဲစခန်းမှူး စန်းညွန့် (ကိုယ်ပိုင်အမှတ် ၇၄၂၉) မှာ ခရိုင်ရဲမှူး၏ ဖိနှိပ် ဆက်ဆံမှုများကြောင့် ဧပြီလ ၃ ရက်၊ ညအချိန်က စခန်းမှ လက်နက်မဲ့ထွက်ပြေးသွားခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရဲတပ်ကြပ်ကြီး လှထွန်း ဆိုသူမှာ စခန်းမှထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။