ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် ပိုက်ဆိပ်တစ်ခုမှ မိသားစုများအပါဝင် ရေလုပ်သား ၅ဝ ခန့်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 696

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မိသားစုများ အပါအဝင် ရေလုပ်သား ၅ဝ ခန့် နိုဝင်ဘာ ၂ရက်နေ့က စပြီး ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောသည်။

၎င်းတို့သည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်မှ ဖြစ်ကြပြီး ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျွန်း၊ ကျွန်းတောင်ပိုက်ဆိပ်မှ နေပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ပျောက်ဆုံးရာတွင် ပါဝင်သူ ဦးညီညီရဲ့ သမီးဖြစ်သူက ပြောကြားသည်။

“ ခါတိုင်းဆိုရင် မိသားစုနဲ့ ပုံမှန် ဖုန်းဆက်နေကျပါ။ နိုဝင်ဘာ ၂ ရက်နေ့ကတည်းက ဖုန်းအဆက်အသွယ် မရတော့ဘူး။ ပိုက်ဆိပ်မှာလည်း လူမရှိတော့ဘူး။ မိန်းမတွေရော၊ ကလေးတွေရောပါသွားပါတယ်။ ကျမတို့ အထူးစိုရိမ်နေပါတယ်” ဟု သူမက ယနေ့ ညနေ ၆ နာရီကျော်က ပြောကြားသည်။

၎င်းပိုက်ဆိပ်သည် စနဲမြို့မှ ၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး ပိုက်ဆိပ်တွင် လူတစ်ဦးတစ်ယောက်မှ မရှိတော့သဖြင့် အဖွဲ့အစည်း တစ်ခုခုက ဖမ်းသွားပုံရကြောင်း၊ ယခုထက်ထိ စုံစမ်းနေတုန်းဖြစ်၍ သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မရှိသေးကြောင်း သူမက ပြောကြားသည်။

ကျောက်ဖြူမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ အခု ကျွန်တော် စနဲ ရွှေဟင်္သာရပ်ကွက်ကို ရောက်နေပါတယ်။ မိသားစုတွေနဲ့ တွေ့ဆုံနေပါတယ်။ ပျောက်နေတဲ့ ရေလုပ်သားတွေနဲ့ ဖုန်းတစ်လုံးမှ အဆက်အသွယ်မရတော့ဘူးလို့ ပြောပြပါတယ်။ ပိုက်ဆိပ်ကို သွားကြည့်တော့လည်း လူတစ်ယောက်မှ ရှိမနေတော့ဘူးလို့ သိရပါတယ်။ ကလေးတွေ၊ မိန်းမတွေ အပါအဝင် ၅ဝ လောက်ရှိတယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ယခုပျောက်ဆုံးမှုမှာ မည်သည့် အဖွဲ့အစည်း လက်ချက်ဟု မသိရသေးသော်လည်း မိသားစုများက သံသယ ရှိနေကြကြောင်း၊ သံသယဖြစ်နေသည့် အဖွဲ့အစည်းကို ပြောဆို၍ မဖြစ်နိုင်သေးကြောင်း၊ ယခု ပျောက်ဆုံးမှုမှာ အလွန်အရေးကြီးသောကိစ္စဖြစ်သဖြင့် သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ