စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမီးရှို့ခံရရာတွင် အလယ်တန်းကျောင်းနှင့်အိမ်ခြေ ၁၉၃လုံး ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် မေလ ၁၆ ရက်နေ့က ရွာမီးရှို့ခံရရာတွင် အလယ်တန်းကျောင်းဆောင် တစ်ဆောင်နှင့် အိမ်ခြေ ၁၉၃ လုံး မီးလောင် ပြာကျ သွားခဲ့သည်ခဲ့သည်ဟု သတင်းရရှိသည်။ 

မေလ ၁၆ ရက် နေ့လယ်၁ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး ပစ်ခတ်သံများရပြီးနောက် ၄င်းလက္ကာကျေးရွာ မီးရှို့ခံခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

ပီပင်ရင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် လက္ကာကျေးရွာသား တစ်ဦးက “ ကျေးရွာ အလက (ခွဲ) စာသင်ကျောင်းဆောင်နဲ့ အိမ်ခြေ ၁၉၃ ဆောင်မီးလောင် ပြာကျ သွားပါတယ်။ အိမ်ခြေ ၂၇၈ ရှိရာမှာ အိမ်ခြေ ၈ဝ ကျော်လောက်ဘဲ ကျန်ပါတယ်”  ဟု ပြောဆိုသည်။

နေအိမ် မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး လက္ကာကျေးရွာမှ နေအိမ်မီးလောင်သွားသူ ဒေါ်ဘီယေက “ခံစားရတာ ပြောစရာကမလိုတော့တာ။ ရင်မှာမီးတောက်နေတယ်။ လုပ်စားမဲ့ဟာလည်း မရှိ တော့ဘူး။ လယ်စိုက်စားဖို့ မျိုးစပါးတွေလည်း အိမ်တွေမှာ ကျန်ခဲ့တာ အားလုံးပါသွားပြီး။ အစိုးရကို ဘာပြောလို့ရမလဲ။ ဘာမှမပြောနိုင်တော့ပါဘူး”ဟု ပြောသည်။

လက္ကာကျေးရွာမှ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ ဒေါ်စိန်ညွှန့်သာက “ မီးလောင်သွားတဲ့ အထဲမှာ အိမ်ရော လယ်ထွန်စက်ရောပါသွားတယ်။ ပြန်စရာနေရာလည်း မရှိတော့ဘူး။ရွာကိုသွားရင် ပြာပုံပဲရှိတော့မှာ။ ရွာကိုပြန်လို့ရရင်ပြန်ချင်ခဲ့တယ်။ တစ်ကိုယ်လုံးမီးလောင်နေသလိုခံစားရတယ်။ ပြောစရာဘာတစ်ခုမှ မရှိတော့ပါဘူး။ ကျွန်မတို့ကို လုပ်သလို သူတို့လည်း ခံစားကြရမှာပါ” ဟု ပြောသည်။ 

လက္ကာကျေးရွာမှ မီးလောင်သွားသည့် နေအိမ်များအား ကိုယ်တိုင်သွားရောက် စာရင်းကောက်ခဲ့သည့် အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက “ အိမ်တွေက တစ်ရွာလုံးလိုလိုလောင်သွားတာပါ။ စုစုပေါင်း ၁၉၄ လုံးမီးလောင်သွားတယ်။ ကျန်ခဲ့တဲ့အိမ်တွေက ရွာအစွန်က တဲအိမ်တွေ လောက်ပဲကျန်ခဲ့တာ”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်ဦးထွန်းသာစိန်က နေအိမ်အများအပြားမီးလောင်ကျွမ်းသွားကြောင်းအတည်ပြုပြောကြားသည်။

“အဲဒီရွာမှာ အိမ် ၁၉၃ ဆောင်မီးလောင်သွားတယ်။ အိမ်ခြေ ၃ဝဝ နီးပါးရှိတာ။ လောလောဆယ်တော့ ဦးလေးတို့ အနေနဲ့ မီးလောင်သွားတဲ့ မိသားစုတွေကို ဘယ်လိုကူညီထောက်ပ့ံရမလဲ အစီစဉ် တစ်ခုတော့ လုပ်ရမယ်လို့ထင်တယ်” ဟု ဦးထွန်းသာစိန်ကပြောသည်။

မေလ ၁၆ ရက် နေ့လယ် ၁ နာရီ ခွဲခန့်တွင် တိန်ညိုကျေးရွာဘက်မှ တပ်မတော်စစ်ကြောင်း တစ်ခုသည် လက္ကာကျေးရွာဘက်သို့ ထွက်ခွာသွားကာ ရွာထဲကို ဝင်ရောက်ပြီး နောက်တွင် ပေါက်ကွဲသံ သုံးလေးချက် ထွက်ပေါ်ပြီးနောက် ရွာမီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း၊  ညနေ ၄ နာရီကျော်တွင် ၎င်းစစ်ကြောင်းမှာ ရွာထဲကနေ ထွက်ခွာသွားခဲ့ကြောင်း အမည်မဖော်လိုသူ လက္ကာ ကျေးရွာသားတစ်ဦးက ပြောသည်။

၎င်းမီးရှို့မှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၁၇ ရက်နေ့က သတင်း ထုတ်ပြန်ရာတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို အေအေက လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့၍ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်စဉ်  လက္ကာကျေးရွာမှ နေအိမ်များကို အေအေက မီးရှို့ကာ ဆုတ်ခွာသွားခဲ့သဖြင့် အိမ် ၂ဝ လုံးခန့် မီးလောင် ပျက်စီး သွားကြောင်း ဖော်ပြသည်။ 

AA ကို အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသဖြင့် ဒေသအခြေစိုက် သတင်းဌာနများမှ AA သို့ဆက်သွယ်ပါက ဥပဒေအကြောင်းအရ အရေးယူခံရနိုင်ပါသဖြင့် AA  ပြောခွင့်ရသူသို့ မေးမြန်း တင်ပြနိုင်ခြင်းမရှိပါ။

လက်ရှိတွင် လက္ကာကျေးရွာသားများမှာ တိန်ညိုစစ်ဘေးရှောင်စခန်း၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညိုးကျေးရွာနှင့် ဘုရားကြီးကျေးရွာတို့တွင် ခိုလှုံနေကြရကြောင်း သိရသည်။

လက္ကာကျေးရွာမှ ကျေးရွာသားများမှာ ၂ဝ၁၉ ခုနစ် ဧပြီလ ၁ဝ ရက်နေ့က ကျေးရွာမှ လူငယ် ၂၇ ဦးဖမ်းဆီးခံရပြီး နောက်တစ်ရက် ညဧပြီ ၁၁ ရက်နေ့တွင် ရွာလုံးကျွတ် နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြသဖြင့် ယခုနှစ် မေလ ၁၆ ရက် မီးလောင်ချိန်တွင် ရွာသားများ ရွာထဲတွင် မရှိဟု သိရသည်။ 


ဆက်စပ် သတင်းများ