သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကိုင်းနှင့်မကွေးတွင်နေရာ ၉ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တစ်ပြိုင်တည်းတိုက်ခိုက်၊ ကရင်ပြည်နယ်တွင်လည်း နေရာ ၇ ခုတွင် တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည်စစ်ကိုင်း၊ မကွေးနှင့် ကရင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများကိုဖော်ဆောင်လျှက်ရှိနေပြီး တိုက်ပွဲများမှာပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းရှိ စစ်​ကောင်စီတပ်​၏ အထိုင်စခန်း ၊ရဲစခန်းများစ​​သော စစ်​ရေးပစ်မှတ် ၉ ခုကို နိုဝင်ဘာ ၃ ရက် နံနက်မှစ၍ တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း၊ နိုဝင်ဘာ ၂ ရက်နေ့ကလည်း စစ်စခန်း ၁ ခုကို တိုက်ခိုက်ခဲ့ကြောင်း  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်ကထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ်ရေး အဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် အရုဏ်တက်ချိန်မှစ၍ စစ်ကိုင်းတိုင်းမှ  ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်းမှ  ဂန့်ဂေါမြို့နယ်တို့ရှိ စစ်တပ်တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို တပြိုက်နက်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သိမ်းပိုက်နိုင်ခဲ့သော စခန်းများမှာ ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကုန်း၊ တမူးမြို့ နယ် ခါမ်းပါတ်မြို့ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများ၊  ကလေးမြို့နယ် မြောက်စည်းကျေးရွာရှိ စစ်တပ်အထိုင်တပ်စခန်း၊ ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း (၁)၊ (၂) စခန်းများ၊ ကောလင်းမြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံး၊ ဂန့်​ဂေါမြို့နယ် မင်းရွာရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။

၎င်းပြင် ပြည်သူ့ကာကွယ်ရေး ( PDF)တပ်ဖွဲ့များက  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄) စစ်လက်နက် ပစ္စည်းတပ်စုတို့ကို Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊   ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ရန်သူ့တပ်အထိုင်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်​ကောင်စီတပ်ဖွဲ့များကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊  ကျွန်းလှ၊ဆင်စွယ်ရဲစခန်းကိုတိုက်ခိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

တိုက်ပွဲအတွင်း ရာဇဂြိုလ် အကျဉ်းဦးစခန်း (၁) မှ ရဲ၊ ဝန်ထမ်း (၂၀) ဦး ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး ဖမ်းဆီးရမိသူ  ၁၀ ကျော်ရှိကာ စစ်ကောင်စီဘက်က သေဆုံးသူ ၅၀ ခန့် ရှိကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဂန့်ဂေါမြို့နယ် မင်းရွာဒေသခံ အပြစ်မဲ့ ပြည်သူ (၂) ဦး သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ကလည်း  Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ(ပကဖ) သည် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ပူးပေါင်းလျက် စခန်းသိမ်းတိုက်ပွဲများကို နိုင်ငံအဝန်းတွင် ဟန်ချက်ညီ ဖော်ဆောင် ဆင်နွှဲလျက်ရှိသည်ဟုလည်း​ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီစစ်ကြောင်းနေရာ ၇ ခုတွင် KNLA မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇မှစတင်ပြီး ပိတ်ဆို့ တိုက်ခိုက်တိုက်ပွဲ ဖော်ဆောင်နေသည်ဟု သိရသည်။ 

တိုက်ပွဲများမှာ  ဝေါလေ၊ ကနဲလေး၊ တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ် ၇ နေရာ ဖြစ်နေကြောင်း၊  နိုဝင်ဘာလ ၃ရက် နံနက်အထိ စစ်မြေပြင်နေရာအချို့တွင် ပစ်ခတ်မှုဆက်ရှိနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိနေကြောင်း၊ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူပေး တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်ထိခိုက်သေဆုံးမှုရှိသည်ဟုလည်း ၎င်းစစ်မြေပြင် သတင်းအရင်း အမြစ်ကို ကိုးကားပြီး ကရင်သတင်းစဉ်တွင် သတင်းဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ သွားလာ ရေးခက်ခဲနေပြီး ကျေးရွာနှင့် ရပ်ကွက်များကို စွန်ခွာ၍ ဖားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့ များဘက်၊ ထိုင်း-မြန်မာနယ်စပ်ဘက်သို့ နေရပ်ရွှေ့ပြောင်းနေထိုင်မှု ပိုများလာနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဓါတ်ပုံ-kawlin info ၊ CJ


ဆက်စပ် သတင်းများ