ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်ရေးရှိနေဆဲ စစ်တွေမြို့တွင် စစ်ရှောင်များ၏ နေအိမ်များကို နေ့ခင်းကြောင်တောင် ဖောက်ထွင်းခိုးယူရောင်းချမှုများ ဆက်လက်ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(လမ်းဆုံလမ်းခွများရှိ စစ်တပ်နှင့် ရဲက ဖမ်းဆီးခြင်းမရှိဘဲ လျစ်လျူရှုထား)

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၃/ ၂၀၂၄

ရခိုင်ပြည်နယ်မြို့တော်လည်းဖြစ်၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား အပြည့်အဝ ရှိနေဆဲ ဖြစ်သည့် စစ်တွေမြို့တွင် မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးရှိ စစ်ရှောင်သွားကြသူများ၏ နေအိမ်များကို နေ့ခင်းကြောင်တောင် ဖောက်ထွင်းခိုးယူမှု၊ နေအိမ်များအား ဖြိုဖျက် ပြောင်းရွေ့ ယူဆောင်သွားမှုနှင့် ရောင်းချမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

မင်းဂံရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်များအားလုံးနီးပါးရှိ စစ်ရှောင်များ၏နေအိမ်များအား ရခိုင်လူမျိုးသူခိုးများက ဖောက်ထွင်းကာ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပလပ်စတိတ် ထိုင်ခုံများ၊ အပ်ချုပ်စက်ခေါင်း၊ အပ်ချုပ်စက်ခုံ၊ အိုးခွက်၊ ပန်းကန်၊ ဆိုင်ကယ်များ၊ ဘေးတွဲ ဆိုင်ကယ်များ၊ သံတိုသံစများနှင့် အိမ်ပြတင်းပေါက်များ၊ တံခါးမကြီးများစသည်တို့ကို ဖြိုဖျက်ပြီး မွတ်ဆလင်ကျေးရွာများရှိ ဒိုင်များအား စျေးပေါပေါဖြင့်ရောင်းချကြသည်ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့ခံတစ်ဦးက "အိမ်တွေကို ရခိုင်တွေကဖျက်ပြီးတော့ ရောင်းတယ်လေ။ မွတ်ဆလင်စျေးမှာ စျေးပေါပေါနဲ့ သွားရောင်းကြတယ်။ အဲဒီစျေးတွေမှာ ဒီလို ပစ္စည်းတွေကို ဝယ်ယူတဲ့ ဒိုင်ရှိတယ်။ အဲဒီမှာ သွားရောင်းတယ်" ဟု ပြောသည်။

ယင်းသို့ရောင်းချပြီးနောက် အဆိုပါပစ္စည်းများကို ကားကြီး၊ ကားငယ်၊ သုံးဘီးဆိုင်ကယ်များနှင့် တွန်းလှည်းများစသည်တို့ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ဖြတ်သန်းကာ မွတ်ဆလင်ကျေးရွာများသို့ နေ့ခင်းကြောင်တောင် ပေါ်ပေါ်ထင်ထင် သွားလာ သယ်ယူပြောင်းရွေ့နေကြသည်ကို တွေ့လာနေရသည်ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့၏ လမ်းဆုံလမ်းခွအများအပြားတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တို့ရှိနေကြသော်လည်း ယင်းသို့ ပြည်သူများ၏အိုးအိမ်ပရိဘောဂပစ္စည်းများကို ခိုးယူပြောင်းရွေ့နေကြသည်ကို ဖမ်းဆီးအရေးယူခြင်းမျိုး လုံးဝမရှိဟုလည်း မျက်မြင်မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"လူတွေကို စစ်ကောင်စီက တမင်သက်သက် အကျပ်ရိုက်အောင်လုပ်တာ။ လူတွေကို စိတ်ပိုင်းဆိုင်ရ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော ဒုက္ခရောက်အောင်လုပ်တာလို့ မြင်တယ်။ ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် စစ်ကောင်စီက ရခိုင်လူမျိုးအပေါ် နှိပ်ကွပ်မှုတစ်ခုလို့ပဲ မြင်တယ်"ဟု ပြောသည်။

အဆိုပါပစ္စည်းများအား သယ်ဆောင်သည့် ကားများနှင့် သုံးဘီးဆိုင်ကယ်များကိုဆိုလျှင် အခြားကုန်ပစ္စည်းများသယ်ယူနေသယောင် တာပေါ်လင်စအုပ်မိုးကာ ခပ်တည်တည်ဖြင့် သယ်ဆောင်ကြကြောင်း သိရသည်။

အထူးသဖြင့် တွန်းလှည်းများဖြင့်လာရောက်သယ်ဆောင်သူများပြီး စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေမွတ်ဆလင်ကျေးရွာမှ လာရောက်ကြသူများပြားကြောင်း မြို့ခံများက ဆိုသည်။

မျက်မြင်မြို့ခံနောက်တစ်ဦးကလည်း တစ်နေ့လျှင် သူတို့ရပ်ကွက်ထဲမှနေ၍ မြို့ပေါ် ရပ်ကွက်များသို့ ပစ္စည်းများအားသယ်ယူရန် တက်လာကြသည့် တွန်းလှည်းစုစုပေါင်း အစီးရေ ၃၀ ကျော်ရှိပြီး ယင်းထက်လည်းများနိုင်သည်ဟု ပြောသည်။

"ပေါ်ပေါ်ထင်ထင်ယူနေကြတာပဲ။ ဒါတွေကို ပြောတဲ့လူလည်းမရှိ၊ တားတဲ့လူလည်းမရှိ၊ ဖမ်းမဲ့သူလည်းမရှိတော့ ချောချောချူချူပဲ ပစ္စည်းတွေကိုယူပြီး အဲလိုသွားနေကြတာ"ဟု ပြောသည်။

စစ်တွေတွင် ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဥက္ကဋ္ဌ ဦးထိန်လင်းကိုယ်တိုင် ရုံးထိုင်နေပြီး စစ်ကောင်စီ စစ်တပ်နှင့် ရဲများပါ လုံခြုံရေး အပြည့်အ၀ ရယူထားသော်လည်း အပြစ်မဲ့ ပြည်သူများ၏ နေအိမ်ဖောက်ထွင်းခံရမှုများနှင့် ဖြိုဖျက်ရောင်းစားခံရမှုများ နေ့ရော၊ ညပါရှိနေဆဲဟု သိရသည်။ 

ကျူးလွန်သူများကို စစ်ကောင်စီက တစ်စုံတရာအရေးမယူဘဲ လစ်လျူရှုထားသဖြင့် ဆုံးရှုံးနစ်နာမှုများပြားနေသည်ဟုလည်း အထက်ပါစစ်တွေမြို့ခံက နိရဥ္စရာကို ပြောသည်။

"စစ်သားတွေ၊ ရဲတွေ လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်းမှာ အစောင့်ရှိပေမဲ့ သူတို့ဘာမှမလုပ်ဘဲ လျစ်လျူရှုထားတယ်လေ"ဟု ပြောသည်။

စစ်တွေ‌‌မြို့ခံများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ​အတွင်းမှ စတင်ကာ မြို့ကိုတဖြည်းဖြည်း စွန့်ခွာပြီး ရန်ကုန်အပါအဝင် ပြည်မနှင့် ရခိုင်ရှိ လွတ်မြောက် နယ်​မြေများသို့ စစ်ဘေးရှောင်သွားခဲ့ကြခြင်းသည်။

လက်ရှိ စစ်တွေမြို့တွင်ရှိနေသည့် မြို့ခံများကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ပြုလုပ်ထားပြီး မြို့ပြင်သို့ထွက်ခွင့်မရအောင် အဝင်အထွက်များကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကြောင်း သိရသည်။

အလားတူ စစ်တွေမြို့အနီးရှိ စစ်ကောင်စီကနှင်ထုတ်ထားသည့် ဗျိုင်းဖြူရွာ၊ ရွှေပြည်သာ၊ ကံတော့၊ တောကန်၊ ငတောက်တက်၊ ချီလည်ဖင်းနှင့် အမြင့်ကျွန်းနှင့် ကျေးတောရွာများအပါအဝင် ကျေးရွာအများအပြားတွင်လည်း လူမရှိသည့်အိမ်များကို စစ်တပ်နှင့် သင်တန်းပေးထားသည့်  မွတ်ဆလင် လက်နက်ကိုင်များက ပူးပေါင်းဖြိုဖျက်ကာ ရောင်းစားနေကြသည်ဟု သိရသည်။

ဓာတ်ပုံ - စစ်တွေမြို့ပေါ်တွင် စစ်ရှောင်များ၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကို နေ့ခင်းကြောင်တောင် ခိုးယူပြောင်းရွေ့နေကြသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဥ်။

 

 

ဆက်စပ် သတင်းများ