သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

စစ်ပွဲကာလအတွင်း မီးရှို့ခံလိုက်ရသည့် တောင်ပေါက်နှင့် ဘုရားပေါင်းရွာတွင် အစိုးရကနေအိမ်များဆောက်ပေးမှု မပြီးပြတ်သေးဘဲ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စစ်ပွဲကာလအတွင်း မီးရှို့ခံလိုက်ရသည့် တောင်ပေါက်နှင့် ဘုရားပေါင်းရွာ ၂ ရွာမှ မီးဘေးသင့်နေအိမ်များအနက် နေအိမ် ၁၄၄ လုံးကို အစိုးရကဆောက်လုပ်ပေးနေသည်မှာ မပြီးသတ်သေးဘဲ တစ်ပို်င်း တစ်စဖြင့် ရပ်တန်နေ့သည်ဟု ရွာသားများက ပြောသည်။
တောင်ပေါက်ရွာမှ နေအိမ်မီးရှို့ခံရသူ ဦးမောင်လှဝင်းက “မီးထဲပါသွားတဲ့ အိမ်တွေကိုတော့ ဒီနှစ်အတွင်းမှာ ဆောက်လို့ပြီးစေချင်ပါတယ်။ အိမ်မရှိတော့ နေရထိုင်ရတာ အခက်ခဲဖြစ်တယ်” ဟုပြောသည်။
အိမ်များဆောက်လုပ်မပြီးသေးခြင်းကြောင့် ယခုကဲ့သို့ဆောင်းရာသီတွင် နေထိုင်ရန်အခက်ခဲဖြစ်နေပြီး မိသားစုများသော အိမ်ထောင်စုများတွင် ပို၍ အခက်ခဲဖြစ်နေရသည်ဟု ဘုရားပေါင်းကျေးရွာစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်မောင်သန်းက ပြောသည်။
“အိမ်မရှိတော့ အဆင်မပြေပါဘူး။ ဆောင်းရာသီလည်းရောက်ပြီ။ အိမ်သာတွေလည်း အခက်ခဲရှိတယ်။ ဆောက်လက်စအိမ်တွေကိုလည်း မြန်မြန်လေးဆောက်ပေးစေချင်တယ်”ဟုပြောသည်။
မီးရှို့ခံခဲ့ရသည့်ကျေးရွာ ၂ ရွာအနက် ဘုရားပေါင်းကျေးရွာတွင် နေအိမ်အလုံး ၉ဝ နှင့် တောင်ပေါက်ကျေးရွာတွင် နေအိမ် ၅၄ လုံး၊ စုစုပေါင်း ၁၄၄ လုံးကို အစိုးရ၏ခွင့်ပြုငွေ ကျပ်သန်း ရဝဝ ကျော်ဖြင့် ရိုးမအရုဏ်ဆောက်လုပ်ရေးကုမ္ပဏီက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်မှ စတင်ကာ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ဘုရားပေါင်းကျေးရွာ၌ အိမ်အလုံး ၂၀ သာ အပြီးသတ်ပြီးစီးနေပြီး ကျန်အိမ်များမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်လျက်ရှိကာ အချို့အိမ်များကို လုံးဝဆောက်လုပ်နိုင်ခြင်းမရှိသေးဟု သိရသည်။
အလားတူ တောင်ပေါက်ကျေးရွာတွင်လည်း နေအိမ် ၁၁ လုံးကိုသာ တစ်ပိုင်းတစ်စဆောက်လုပ်ပေးထားပြီး ကျန်အိမ်များကို ဆောက်လုပ်နိုင်ခြင်းမရှိသေးဟု သိရသည်။
နေအိမ်ဆောက်လုပ်မှုရပ်တန့်နေသည်မှာ ၂ လခန့်ရှိပြီဟုလည်း ရွာသားများကပြေသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တာဝန်ယူဆောက်လုပ်နေသည့် ရိုးမအရုဏ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်အေးအေးစိန်က ဘဏ်မှငွေလည်ပတ်မှုနှင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေမှုကြောင့် ရပ်နားနေရခြင်းဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။
“ကျမတို့အနေနဲ့ ပြီးအောင်ဆောက်ပေးချင်တယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေက ငွေထုတ်ရတာ အဆင်မပြေဘူး။ အချိန်က မကြာသင့်ဘဲ ကြာသွားတယ်။ ကုန်စျေးနှုန်းတွေကလည်း အဆမတန်မြင့်တက်နေတော့လေ” ဟုပြောသည်။
တည်ဆောက်ရေးလုပ်ငန်းကို မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ဆိုသည်ကို အတိအကျမပြောခဲ့ပါ။
ယခုဆောက်လုပ်ပေးနေသည့်နေအိမ်အမျိုးအစားမှာ ၁၆ ပေ × ၂၄ ပေ × ၈ ပေရှိ သံကိုယ်ထည်၊ သွပ်မိုး၊ အထပ်သားအခင်း၊ ကျောက်ပြားနံရံကာဖြစ်ပြီး တစ်လုံးလျှင် ကျပ်သိန်း ၅ဝ တန်ဖိုးရှိသည်ဟုလည်း သိရသည်။
အဆိုပါအိမ်များဆောက်လုပ်မပြီးစီးသေးသောကြောင့် နေအိမ်ပိုင်ရှင်မိသားစုများမှာ လက်ရှိအချိန်အထိ ကျေးရွာအတွင်းဖွင့်လှစ်ထားသည့်စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲအမျိုးမျိုးဖြင့်နေထိုင်နေရသည်ဟု သိရသည်။
ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာအနီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃ ရက်ညပိုင်းက စစ်တပ်နှင့် AA တို့ပစ်ခတ်မှုဖြစ်ပွားအပြီး ဘုရားပေါင်းကျေးရွာမှ အိမ်ခြေ ၁၁၀ နှင့် တောင်ပေါက်ကျေးရွာမှ အိမ်ခြေ ၆၉ လုံး မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ ယင်းရွာ ၂ ရွာတွင် ယခုဆောက်ပေးနေသည့် နေအိမ်အမျိုးအစား အလုံး ၂ဝ စီကို အစိုးရက ဆောက်လုပ်ပေးခဲ့ပြီးပြီဟုလည်း သိရသည်။

ဆက်စပ် သတင်းများ